Saturday, July 7, 2012

သြစတြေးလျပညာရှင်ကိုယ်တိုင်ပို့ချမည့် အခမဲ့စီးပွားရေးစီမံခန့်ခွဲမှုသင်တန်း


သြစတြေးလျနိုင်ငံမှ စီးပွားရေးပညာရှင်ကိုယ်တိုင်လာရောက်ပို့ချမည့် စီးပွားရေးပညာရပ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းအား Park Royal Hotel ၌ နှစ်ရက်ကြာ အခမဲ့သင်ကြားပေးမည် ဖြစ်ကြောင်း သိရှိရသည်။

 “ပြည်တွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို နိုင်ငံတကာမှာကျင့်သုံးနေတဲ့ စီးပွားရေးမူဝါဒတွေ၊ လုပ်ထုံး လုပ်နည်းတွေကို အသိပညာပေးနိုင်အောင်၊ စီးပွားရေးစီမံခန့်ခွဲမှုပညာနဲ့  ခေါင်းဆောင်မှုအတတ် ပညာကို လေ့လာနိုင်အောင်ရည်ရွယ်ပြီးတော့ ဒီအခမဲ့သင်တန်းလေးကိုစီစဉ်ရတာပါ” ဟု လက်ရုံးတော် ၀န်ဆောင်မှု ကုမ္ပဏီက မြန်မာပြည်ရုံးခွဲတာဝန်ခံဦးဝင်းလှိုင်ကပြောသည်။


လက်ရုံးတော်ဝန်ဆောင်မှုကုမ္ပဏီအနေဖြင့် ပထမဦးဆုံးကြီးမှူးကျင်းပသောသင်တန်းဖြစ်ပြီး အောင်မြင်မှုရရှိ ပါက ပြည်တွင်းပြည်ပမှစီးပွားရေးပညာရှင်များအား ဖိတ်ခေါ်၍ အလားတူသင်တန်းများ ဆက်လက်ပြုလုပ်သွား မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါသင်တန်းအား လက်ရုံးတော်ဝန်ဆောင်မှုကုမ္ပဏီက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး သြစတြေးလျနိုင်ငံမှ စီးပွားရေးပညာရှင် Mr.Craig Wilkinson မှ သင်ကြားပို့ချပေးမည်ဖြစ်ပြီး ၄င်းပုဂ္ဂိုလ်သည် သြစတြေးလျနိုင်ငံရှိ Coaching & Training Institute International မှ Managing Director တစ်ဦးဖြစ်သည်။

တက်ရောက်လိုသူများအနေဖြင့် လက်ရုံးတော်ဝန်ဆောင်မှုကုမ္ပဏီ (Ph. ၀၁-၂၁၀၄၀၁)သို့ စာရင်းပေးသွင်း နိုင်ပြီး ဦးရာလူစနစ်ဖြင့် သင်တန်းသူ/သား (၅၀)ဦးသည် အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် ဇူလိုင်လ(၁၃)ရက်နေ့နှင့် (၁၄)ရက်နေ့ သင်တန်းချိန်တွင်း(၉နာရီမှ ၁၁နာရီအထိ)တက်ရောက်နိုင်မည် ဖြစ်သည်။

“Leadership နဲ့ Business Management ကို စိတ်ဝင်စားကြတဲ့သူ တော်တော်များများတော့ စာရင်းပေးထား ကြပါတယ်။ အဲဒီထဲကမှ ဦးစွာစာရင်းပေးတဲ့ သင်တန်းသူ သင်တန်းသား(၅၀)ကို ပဲသင်ကြားပေးသွားမှာပါ။ဟု သင်တန်းတာဝန်ခံ ကိုရောဘတ် ကပြောသည်။

လက်ရှိအချိန်တွင် သတ်မှတ်သင်တန်းသားဦးရေ ပြည့်မြောက်ပြီးဖြစ်ကြောင်းကိုလည်း သိရှိရသည်။

အဆိုပါကုမ္ပဏီသည် ၂၀၀၆ ခုနှစ်မှစ၍ နိုင်ငံတော်အစိုးရသို့ မှတ်ပုံတင်ခဲ့သောကုမ္ပဏီဖြစ်ပြီး စီးပွားရေးနှင့် ပတ်သက်သည့် အထွေထွေဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသော သြစတြေးလျနိုင်ငံအခြေစိုက်စီးပွားရေးကုမ္ပဏီတစ်ခုဖြစ်သည်။
စည်သူနိုင် (မြစ်မခ)

No comments:

Post a Comment