Friday, July 6, 2012

ရွေးကောက်ပွဲကော်မရှင်က ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်အား ပါတီတည်ထောင်ခွင့်ပြု

မြန်မာနိုင်ငံတွင်“ဇိုမီး”တိုင်းရင်းသားမရှိဟူသောအကြောင်းပြချက်ဖြင့်ပါတီထောင်ခွင့် ငြင်းပယ်ခံထားရသည့် ဇိုမီးအမျိုးသားကွန်ဂရက် (ZNC) အား ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် (Zomi Congress for Democracy) အမည်ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပါတီ တည်ထောင်ခွင့် ပြုလိုက်ပြီဖြစ်သည်။
 
ပါတီထောင်ရန်ခွင့်ပြုကြောင်း နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇိုမီးပါတီထံ ယမန်နေ့က ဖက်စ်ဖြင့် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
 
“ပါတီတည်ထောင်ဖို့ နည်းဥပဒေနဲ့ ညီညွတ်တဲ့အတွက် ခွင့်ပြုတယ်ဆိုပြီး ကော်မရှင်က အကြောင်းကြားလာပါတယ်။ ဒါကြောင့် ရက်ပေါင်း ၃၀ အတွင်း ပါတီ ခေါင်းဆောင် ၂ ဦး ရွေးချယ်ပြီး ကော်မရှင်ကို ပြန်တင်ပြရပါမယ်”ဟု ZCD ပါတီ စည်းရုံးရေးမှူး ကိုဗြတ်ထန်က ပြောသည်။
 
၁၉၉၀ ရွေးကောက်ပွဲတွင်အမတ်၂ နေရာအနိုင်ရခဲ့သည့်ZNCပါတီမှာမူလအမည်ဖြင့်ပင် ရွေးကောက်ပွဲကော်
မရှင်၌ မှတ်ပုံတင်ခဲ့ရာ ကော်မရှင်က ယင်းအမည်ကို ခွင့်မပြုဘဲ အခြား အမည်သစ်ဖြင့်သာ မှတ်ပုံတင်ရန် ပြောဆိုပြီး အမည် ၃ မျိုး အဆိုပြုပေးခဲ့သည်။
 
သို့သော် ZNC(Zomi National Congress)က လက်မခံဘဲ မြန်မာနိုင်ငံတွင် “ဇိုမီး” တိုင်းရင်းသားရှိကြောင်း သမိုင်းစာတမ်း အထောက်အထားများဖြင့် နိုင်ငံတော် သမ္မတနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ထံ တင်ပြခဲ့သဖြင့် “ဇိုမီး” နာမည်ဖြင့် ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။
 
ပါတီတည်ထောင်ခွင့် ကျပြီဖြစ်သည့်အတွက် ပါတီမှတ်ပုံတင်ရေးကိစ္စကို အမြန်ဆုံး ဆောင်ရွက်သွားမည်ဟု ကိုဗြတ်ထန်က ပြောသည်။
 
ပါတီတည်ထောင်လိုသူများပါဝင်သည့် အစည်းအဝေးတရပ် ခေါ်ယူပြီး ပါတီ ဗဟို ကော်မတီဝင် နှင့် အလုပ်အမှုဆောင် အဖွဲ့တို့ကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
 
လက်ရှိတွင် ZCD ပါတီ၏ ဥက္ကဌအဖြစ် ပူးကျင့်ရှင်းထန်နှင့် အတွင်းရေးမှူးအဖြစ် ပူးကမ် လမ်ခုပ်တို့က ယာယီဆောင် ရွက်နေသည်။
 
ZCD ၏ မူလပါတီဖြစ်သည့် ZNC ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ဆလိုင်း သန့်ဇင်(မြစ်မခ)

No comments:

Post a Comment