Thursday, July 26, 2012

တက္ကသိုလ်အများစု၏ ၀င်ခွင့်အမှတ်များ၊ ခေါ်ယူသည့်လူဦးရေအရေအတွက် အပြောင်းအလဲများစွာရှိသဖြင့် တက္ကသိုလ်များလျှောက်ထားရာတွင် အထူးဂရုစိုက်လျှောက်ထားသင့်


ယခုနှစ်တက္ကသိုလ်ဝင်ခွင့်နှင့်ပတ်သက်၍တက္ကသိုလ်အများစု၏၀င်ခွင့်အမှတ်များ၊ ခေါ်ယူသည့်လူဦးရေ
အရေအတွက် အပြောင်းအလဲများစွာရှိသဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမည့်သူများအနေဖြင့် ဦးစားပေးတက္ကသိုလ်များ လျှောက်ထားရာတွင် အထူးဂရုစိုက်၍ လျှောက်ထားသင့်သည်ဟု ရန်ကုန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားပါမောက္ခတစ်ဦးမှပြောသည်။

“ဒီနှစ်တက္ကသိုလ် ၀င်ခွင့်ကို လျှောက်ထားမယ့်သူတွေ သေချာဂရုစိုက်လျှောက်ထားသင့်တယ်။ ဒီနှစ်က တက္ကသိုလ်ဝင်ခွင့်နဲ့ပတ်သက်ပြီး အပြောင်းအလဲတွေလုပ်ထားတယ်။ အမှတ်ကောင်းတဲ့သူတွေအနေနဲ့ ပိုပြီးဂရုစိုက်သင့်တယ်။ အခုထွက်လာမယ့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ကို သေချာဖတ်စေချင်တယ်။ ဦးစားပေးတက္ကသိုလ်လျှောက်ထားတဲ့အခါမှာ မိမိရရှိတဲ့အမှတ်နဲ့ကိုက်ညီတဲ့ အကောင်းဆုံး တက္ကသိုလ်ကို ဦးစားပေးရွေးချယ်သင့်တယ်။ ဒီနှစ်မှာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေက ၀င်ခွင့်အမှတ်တွေမြှင့်ပြီး ကျောင်းသားဦးရေလျော့ခေါ်မယ်ဆိုတော့ အဲ့ဒီတက္ကသိုလ်တွေရဲ့ ၀င်ခွင့်ရမှတ်တိတိသာရတဲ့ ကလေးတွေအနေနဲ့ ရရှိဖို့ခက်ခဲလိမ့်မယ်။ လျှောက်ထားတဲ့အခါမှာ အရင်ဆုံးကိုယ် ဘယ်တက္ကသိုလ်တက်ဖို့ စိတ်ဝင်စားတယ်ဆိုတာ စဉ်းစားရမယ်။ ဘယ်တက္ကသိုလ်ဖြစ်ဖြစ် ကိုယ်ဝါသနာပါရင် ပိုပြီးတော့ကောင်းတယ် သူငယ်ချင်းတွေလျှောက်လို့ လိုက်မလျှောက်စေချင်ဘူး။ မိမိရရှိတဲ့ ရမှတ်နဲ့ကိုက်ညီတဲ့ တက္ကသိုလ်ကို သေချာရွေးချယ်သင့်တယ်” ဟု အဆိုပါ အငြိမ်းစား ပါမောက္ခကပြောသည်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် အမှတ်စာရင်း၊ ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် ပုံစံများကို ဇူလိုင် ၂၄ ရက်မှစ၍ မိမိတို့စာမေးပွဲဖြေဆိုခဲ့သည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများထံတွင် ကိုယ်တိုင်ထုတ်ယူနိုင်မည်ဟုသိရပြီး ၀င်ခွင့်လျှောက်လွှာများကို ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၁၅ ရက်အထိ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များ အပါအ၀င် (ပိတ်ရက်မရှိ)၊ အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်) တွင်လျှောက်ထားနိုင်သည်။
ရေးသားသူ -ကိုဟိန်း
Internet Journal

No comments:

Post a Comment