Wednesday, July 25, 2012

တောင်ကိုရီးယားပြည်သူများအား သမ္မတလီမြောင်ဘာ့ခ် ဝန်ချတောင်းပန်

                       (သမ္မတလီမြောင်ဘာ့ခ်က ပြည်သူအား ဝန်ချတောင်းပန်ခြင်းကို ရုပ်မြင်သံကြားမှ ထုတ်လွှင့်စဉ်)
တောင်ကိုရီးယား သမ္မတ လီမြောင်ဘာ့ခ်က ၎င်း၏ အတွင်းစည်း အသိုက်အဝန်းအတွင်း လာဘ်ပေးလာဘ်ယူ ကိစ္စများ ရှိခဲ့သည့် ကိစ္စအတွက် ပြည်သူလူထုထံ ဝန်ချ တောင်းပန်ခဲ့သည်။ လီက နိုင်ငံသားများအား တရားဝင် တောင်းပန်မှု ပြုလုပ်ခဲ့ပြီး ယခုကိစ္စသည် အလွန်ရှက်ရွံ့ဖွယ်ရာ ကိစ္စအဖြစ် ဝန်ခံသွားခဲ့သည်။ ယခုလ အစောပိုင်းက လီ၏ အစ်ကိုဖြစ်သူ လီဆန်ဒါ့ခ်သည် ရုန်းကန်နေရသည့် ကိုရီးယား ဘဏ်နှစ်ခုထံမှ လာဘ်ငွေ ဝမ် သန်း ၅၀၀ ယူခဲ့သည့်အတွက် အဖမ်းခံခဲ့ရသည်။ ယခုသီတင်းပတ်တွင် အစိုးရ ရှေ့နေများသည် လီ၏ လက်ရုံးဟောင်း နှစ်ဦးအား လာဘ်ယူကြောင်း သံသယဖြစ်ဖွယ် အနေအထားအတွက် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သည်။

လီသည် ယင်းကိစ္စများ ဖြစ်ပွားပြီးနောက် မိမိ၏ မိသားစုနှင့် အတွင်းစည်း ပုဂ္ဂိုလ်များ ပါဝင်ပတ်သည်နေသည့်လာဘ်ပေးလာဘ်ယူအမှုများအတွက် ပြည်သူများအား တောင်းပန်သွားခြင်း ဖြစ်သည်။ ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော လီ၏ တောင်းပန်စကား ပြောဆိုမှုတွင် သမ္မတက "ကျွန်တော် သမ္မတရုံးကို ရောက်လာတဲ့ ရည်ရွယ်ချက်က ရှင်းလင်းရိုးသားတဲ့ နိုင်ငံရေး အခြေအနေ တစ်ခုကို ဖန်တီးဖို့ပါ။ ကျွန်တော် ကြိုးစားခဲ့ပါတယ်။ ကျွန်တော့် ကံကြမ္မာကို ပြည်သူလူထုအတွက် အပ်နှင်းခဲ့တယ်။ ကျွန်တော့် လစာကို လှူဒါန်းခဲ့တယ်။ ကျွန်တော့် စိတ်ထဲမှာ အကောင်းဆုံး ရလဒ်တွေ ဆောင်ကြဉ်းနိုင်ခဲ့ပါလား ဆိုတဲ့ အတွေးမျိုးနဲ့ ဂုဏ်ယူမိခဲ့ပါတယ်။ ဒါပေမဲ့ ခုတော့ ကျွန်တော့် အသည်းနှလုံးတွေ ကွဲကြေကုန်သလိုပါပဲ။ ကျွန်တော်နဲ့ အနီးစပ်ဆုံး လူတွေက ဘယ်လိုတွေ ဖြစ်နေတယ် ဆိုတာကို သိလာတော့ ကျွန်တော် ခေါင်းမမော့နိုင်တော့ပါဘူး။ ဒါဟာ ကျွန်တော့် အမှားတွေပါ"ဟု ပြည်သူများထံ ဝန်ခံသွားခဲ့သည်။
 
လီ၏ အစ်ကိုဖြစ်သူသည် တောင်ကိုရီးယား အာဏာပိုင်များက မေလအတွင်း (၆)လကြာ လုပ်ငန်းရပ်ဆိုင်းရန် ညွှန်ကြားထားသည့် ဘဏ်နှစ်ခုထံမှ လာဘ်ငွေယူခဲ့ကြောင်း စွပ်စွဲခံထားရသည်။ "ခုချိန်မှာ ဝေဖန်ထိုးနှက်မှုတိုင်းကို ကျွန်တော် ကျေကျေနပ်နပ် လက်ခံပါမယ်"ဟု သမ္မတက ဆိုသည်။ လီသည် တောင်ကိုရီးယားနိုင်ငံ၏ ဥပဒေအရ သမ္မတ တစ်ဦးလျှင် (၅)နှစ်သက်တမ်းထက် ပိုထမ်းဆောင်ခွင့် မရရှိခြင်းကြောင့် ယခုသက်တမ်း ကုန်ဆုံးလျှင် နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်ခွင့် မရှိတော့ချေ။ မည်သို့ပင်ဖြစ်စေ ယခုကိစ္စကြောင့် ၎င်း၏ နိုင်ငံရေးပါတီမှာ ဒီဇင်ဘာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ထိုးနှက်ချက်တစ်ခု ကြုံလာရခြင်း ဖြစ်သည်။

"ကျွန်တော် ပြည်သူတွေကို အနူးအညွတ် တောင်းပန်ချင်ပါတယ်"ဟု လီက ပြောကြားခဲ့သည်။ တောင်ကိုရီးယား သမ္မတ အသိုက်အဝန်းတွင် လာဘ်ပေးလာဘ်ယူမှုနှင့် ဆက်စပ်ပြီး ပြဿနာ ဖြစ်ရသည်မှာ လီသည် ပထမဆုံး မဟုတ်ချေ။ (၂၀၀၉)ခုနှစ်က သမ္မတဟောင်း ရိုမူဟွမ်သည် လာဘ်ပေးလာဘ်ယူမှုနှင့် ဆက်စပ်ကြောင်း စွပ်စွဲမေးမြန်း ခံရချိန်တွင် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သလို ၎င်း၏ အစ်ကိုမှာ ထောင်ဒဏ် ချမှတ် ခံခဲ့ရသည်။ သမ္မတဟောင်း ကင်ဒေဂျန်၏ သား(၃)ဦးမှာလည်း ၎င်းသမ္မတသက်တမ်း ကုန်ဆုံးချိန်တွင် အကျင့်ပျက် ခြစားမှုများကြောင့် အဖမ်းခံခဲ့ရသည်။
planet news

No comments:

Post a Comment