Tuesday, July 3, 2012

ဟံသာဝတီလေဆိပ်ပြန်လည်စတင်မည့် သတင်းကြောင့် ပဲခူးမြို့သစ်မြေဈေးထိုးတက်


ဟံသာဝတီ လေဆိပ်ပြန်လည်စတင်မည်ဟု သတင်းများထွက်ပေါ်ပြီးနောက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊မြို့သစ်ရှိ မြေကွက်များမှာ(၂)နှစ်တာကာလအတွင်း ဈေးအဆမတန်ဈေးမြင့်တက်ခဲ့ကြောင်း ဒေသ
ခံများက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ရှိမည့် ဥဿမြို့သစ်ရပ်ကွက်အနီး မြေကွက်များမှာ ယခင် ကျပ် (၁၀) သိန်းတန် မြေကွက်သည် ယခု ကျပ် သိန်း (၁၈၀) မှ သိန်း (၂၀၀) ခန့် ဈေးထိုးတက်နေခြင်း ဖြစ်သည်။

“အခုတော့ လေဆိပ်ပြန် လုပ်မယ်လည်းကြားတော့ မြေကွက်တွေ ဈေးတက်ပြီး အရောင်းအ၀ယ်ဖြစ်နေတယ်။ တချို့နေရာကောင်း တဲ့အကွက်ဆိုရင် (၂၅၀)လောက်ထိ ဈေးပေးတယ်။” ဟု အဆိုပါဒေသရှိ မြေကွက် အကျိုးဆောင် လုပ်ကိုင်နေသူ ကိုစန်းဝင်း က ပြောသည်။

ဟံသာဝတီလေဆိပ် စီမံကိန်းကို လွန်ခဲ့သာ (၁၉) နှစ်ခန့်မှ စတင် ဆောင်ရွက်ခဲ့ပြီး  မြေပြင်မာကျောမှု မရှိသည့် ပြဿနာကြောင့် စီမံကိန်း ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ကာ ယခု ပြန်လည် အကောင်အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်သည်။

ထိုသို့ လေဆိပ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေသဖြင့် ဥဿမြို့သစ်ရှိ (၁၉) ရပ်ကွက်နှင့် (၁၇) ရပ်ကွက် မြေကွက်များသည် ယခင်နှစ်ထက် ဈေးနှုန်း ဆယ်ဆခန့် မြင့်တက်လာခြင်းဖြစ်သည်။

၎င်းမြေကွက်များမှာ ပေ ၄၀x ပေ ၆၀ အကျယ်အဝန်းတွင် သိန်း ၁၅၀ မှ သိန်း ၂၀၀ ကြားတွင် အရောင်း အ၀ယ်ဖြစ်ပြီး   နှစ်ကွက်တွဲ မြေကွက်များမှာ သိန်း ၅၀၀ ၀န်းကျင်ခန့် အများဆုံး ရောင်းဝယ်ကြကြောင်း သိရှိရသည်။

“စီးပွားရေးလုပ်ငန်းရှင်တွေကတော့ အကွက်မြင်တယ်ဗျ။ ရန်ကုန်ကနေလာကြတဲ့ ပွဲစားတွေ တစ်နေ့ကို ဆယ်ယောက်၊ အယောက်နှစ်ဆယ်လောက်လာကြတယ်။”  ဟု ဒေသခံတစ်ဦးက ပြောသည်။

မြေကွက်များဈေးနှုန်းမြင့်တက်လာမှုကြောင့် ငွေကြေးတက်နိုင်သူများကမူ အရောင်းအဝယ်လုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ကြပြီး အမှန်တကယ်နေထိုင်မည့်သူများမှ ဝယ်ယူမှုမရှိသလောက်နည်းပါးနေကြောင်း အဆိုပါမြို့သစ်နေ မနန်းစောမြင့်က ပြောသည်။

“အခုက လေဆိပ်ပြန်လုပ်မယ်ဆိုတဲ့ သတင်းကြောင့်မြေကွက်တွေဈေးတက်လာတာပါ။ နောက်ပိုင်းလည်း ဆက်တက်လာမယ်လို့ထင်တယ်။ တခြားစီးပွားရေးလုပ်ငန်းတွေအနေနဲ့ကတော့ ဒေသခံတွေ ၀င်ရောက်လုပ်ကိုင်နိုင်ဖို့ထက် စီမံကိန်းနဲ့အတူပါလာမယ့် စီးပွားရေးလုပ်ငန်းရှင်တွေကပဲ နေရာယူလာမယ်လို့ထင်တယ်ဗျ။” ဟု ပဲခူးတိုင်း ဇာတိ ကိုသက်မင်းထွန်းမှလည်း အိမ်ခြံမြေဈေးသည် ထပ်မံဈေးတက်နိုင်ကြောင်း သုံးသပ်ခဲ့သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းကို  ၁၉၉၃ ခုနှစ် မှအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော် လလည်း ၁၉၉၄ ခုနှစ်တွင် မြေပြင်တင်းမာမှုမရှိသောပြဿနာကြောင့် (၁) နှစ်ကျော်အကြာတွင် စီမံကိန်း ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

ဇူလိုင် (၁) ရက်နေ့မှ စပြီး ၎င်း ဟံသာဝတီလေဆိပ် တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်အကောင် အထည်ဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ပြည်တွင်း၊ ပြည်ပမှ ကုမ္ပဏီများက အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)

No comments:

Post a Comment