Wednesday, July 25, 2012

ဗြိတိန်တွင် ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးနှင့်ဒုံးကျည်များ တွေ့ရှိ


ဗြိတိန်နိုင်ငံတွင် မြေပြိုကျမှုတစ်ခု ဖြစ်ပွားပြီးနောက် ထောင်နှင့်ချီသော ဒုတိယကမ္ဘာစစ် လက်ကျန် ဗုံးများနှင့် ဒုံးကျည်များ ထွက်ပေါ်လာခဲ့ကြောင်း သိရှိရသည်။ ရာသီဥတု ဆိုးရွားမှုကြောင့် မြေပြိုမှုများ ဖြစ်ခဲ့ပြီးနောက် ယော့ခ်ရှိုင်းယားရှိ မက်ပလီတန်အနီးတွင် စနေနေ့က အပန်းဖြေ လမ်းလျှောက်လာသူ တစ်ဦးသည် ပြန့်ကြဲနေသော အဆိုပါ လက်နက်အစိတ်အပိုင်း အမြောက်အမြားကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းလက်နက်များသည် အနီးရှိ တောင်စောင်းများကို တော်ဝင်လေတပ်က ဒုတိယ ကမ္ဘာစစ်ကာလအတွင်း ပစ်ခတ်ထားခြင်းဟု ယူဆရသည်။ တွေ့ရှိရသော လက်နက်များတွင် ဒုံးကျည်များ၊ မော်တာကျည်ဆံများ၊ ဗုံးများပါ ပါဝင်လျှက်ရှိသည်။
စနက်တံ မီးကူးနိုင်သေးသည့် လက်နက်(၁၅)ခုကိုမူ တာဝန်ရှိသူများက ချက်ချင်းလိုလို လာရောက် သိမ်းဆည်းခဲ့ကြသည်။ ယင်းစစ်လက်နက်များသည် ဆယ်စုနှစ်ပေါင်းများစွာ မြေအောက်တွင် နစ်မြုပ်နေခဲ့ပြီးမှ ယခုလို အစုလိုက် အပြုံလိုက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက ယင်းနေရာတွင် တော်ဝင်လေတပ် တိုက်လေယာဉ်များ ဗုံးကြဲ လေ့ကျင့်ခဲ့သလို လက်နက်ကြီးများ ပစ်ခတ်မှု ပြုလုပ်ခဲ့ရာ ယခုလို လက်နက် အကြွင်းအကျန် အမြောက်အမြား ရှိနေခြင်းဟု သတင်းများက ဖော်ပြသွားသည်။ (၂၅)ပေါင်ဒါ ဗုံးများအပါအဝင် ယင်းလက်နက်များသည် အများအားဖြင့် အန္တရာယ် မရှိတော့သော်လည်း အချို့သော အစိတ်အပိုင်းများကမူ ပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင်သည့် အခြေအနေမျိုးထိ ပေါက်ကွဲနိုင်ခြေ ရှိနေသေးရာ သတိကြီးစွာ ရှင်းလင်းနေရဆဲ ဖြစ်သည်။
ထိုလက်နက် အကြွင်းအကျန်များကို အပြီးသတ် ဖယ်ရှားရန်အတွက် ရက်ပေါင်း အတန်ကြာ အချိန်ယူရဖွယ် ရှိနေကြောင်း စစ်ဘက်က ဆိုသည်။ ကာကွယ်ရေး ဝန်ကြီးဌာနက ယင်းကမ်းခြေ နေရာကို သီးခြားကန့်သတ်ဇုန် သတ်မှတ်ထားလိုက်ပြီး သဲသောင်ပေါ် ပြန့်ကြဲနေသော ဗုံးများအား လိုက်လံ ရှင်းလင်းလျှက် ရှိသည်။ အဆိုပါ ဗုံးနှင့် ဒုံးကျည်များသည် စုစုပေါင်း (၁၀၀၀)မျှထိ ရှိနိုင်ကြောင်းလည်း သိရသည်။ ဗြိတိန်စစ်တပ်သည် (၁၉၇၀) ပြည့်လွန် နှစ်များထိ အဆိုပါ နေရာကို ဗုံးကြဲလေ့ကျင့်ကွင်းအဖြစ် အသုံးပြုခဲ့ရာ ယခုလို လက်နက်ပစ္စည်း အကြွင်းအကျန် အမြောက်အမြား စုပုံနေခဲ့ခြင်း ဖြစ်သည်။ 
planet news  

No comments:

Post a Comment