Monday, July 16, 2012

မိုဘိုင်းဖုန်းများ၏ လက်ကျန်ငွေရှင်းလင်းပုံကို အသုံးပြုသူအချို့ ကြိုက်နှစ်သက်ခြင်းမရှိ


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းများကို Postpaid မှ Prepaid စနစ်သို့ ပြောင်းလဲပေးခဲ့သည့်နောက်ပိုင်း ယခင်စနစ်ဟောင်းမှ လက်ကျန်ငွေများကို နည်းလမ်းသုံးခုဖြင့် လွှဲပြောင်းထုတ်ယူနိုင်သည်ဟု ကြေညာခဲ့သည်။ “ကျွန်တော်တို့ကတော့ သိပ်မကြိုက်ဘူး။

ဘာလို့လဲဆိုတော့ ရုံးသွားပြီးစာတင်နေရလို့။ အရင်တုန်းကတောင် ဘီလ်သွားဆောင်ချင်တာမဟုတ်ဘူး။ သူများတွေလိုပဲ Prepaid နဲ့သုံးချင်တာ။ Prepaid ပြောင်းပြီးမှ ရုံးသွားရဦးမယ်ဆိုတော့ မသွားချင်တော့ဘူး” ဟု Postpaid မှ Prepaid စနစ်သို့ ပြောင်းလဲအသုံးပြုခဲ့သည့် အမျိုးသားတစ်ဦးကဆိုသည်။ ယခင်စနစ်ဟောင်းမှ လက်ကျန်ပိုငွေများကို နည်းလမ်းသုံးခုဖြင့် လွှဲပြောင်းထုတ်ယူရာ၌ (၁) လက်ကျန်ပိုငွေကို မိမိပြောင်းလဲလိုက်သည့် Prepaid သို့ဆက်လက်ဖြည့်သွင်းလိုခြင်း၊ (၂) လက်ကျန်ပိုငွေကို ကြိုတင်ငွေစနစ်ထားရှိသည့် အခြားသော အော်တိုဖုန်းလိုင်းများနှင့် မိုဘိုင်းဖုန်းများ၏ ဘီလ်စနစ်သို့ လွှဲပြောင်းပေးလိုခြင်း၊ (၃) လက်ကျန်ပိုငွေ တစ်သိန်းနှင့်အထက်ရှိပါက အထက်ပါအချက်နှစ်ချက်အတိုင်း လုပ်ဆောင်နိုင်သည့်အပြင် ငွေသားအနေဖြင့်လည်း ပြန်လည်ထုတ်ယူနိုင်ခြင်းဟူ၍ ခွဲခြားသတ်မှတ်ထားသည်။ “စနစ်ပြောင်းသွားတော့လည်း ပိုတဲ့ငွေကို အလိုအလျှောက် လိုက်ပြောင်းပေးလိုက်ရင် ပြီးရောပေါ့။ ကိုယ်ဖုန်းဘီလ်က ကိုယ်ဖုန်းဘီလ်ပဲလေ။ ကျွန်မကတော့ မပြောင်းခင်ကတည်းက ပိုက်ဆံကိုတိုင်းပြီး ထည့်လိုက်တယ်။ နည်းနည်းတော့ ပိုသွားတယ်။ ဒါပေမဲ့သွားမထုတ်တော့ဘူး” ဟု Postpaid မှ Prepaid စနစ်သို့ ပြောင်းလဲအသုံးပြုခဲ့သည့် အမျိုးသမီးတစ်ဦးကဆိုသည်။ မြန်မာ့ဆက်သွယ်ရေး၏ ထုတ်ပြန်ချက်အရ လက်ကျန်ပိုငွေများကို လွှဲပြောင်းထုတ်ယူလိုပါက ကန့်သက်ချက်ကာလများအတွင်း ငွေစာရင်းဌာနသို့ ဖုန်းပိုင်ဆိုင်မှုအထောက်အထားများနှင့်အတူ ဆန္ဒပြုလွှာများ လာရောက်ပေးပို့ရမည်ဟု သိရသည်။ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ Postpaid မိုဘိုင်းဖုန်းလိုင်းများသည် Prepaid သို့ပြောင်းလဲ အသုံးပြုခဲ့ခြင်းမရှိပါက စက်တင်ဘာလမှစတင်၍ ဘဏ်များနှင့်ချိတ်ဆက်ကာ အသုံးပြုမှုဘီလ်ကို ပေးဆောင်ရတော့မည်ဖြစ်သည်။
 Internet Journal

No comments:

Post a Comment