Wednesday, July 11, 2012

မောင်တောအထိ အရောက်သွားမည့် (၈၈)မျိုးဆက်ကူညီထောက်ပံ့ရေးခရီးစဉ်

(၈၈)မျိုးဆက်ကျောင်းသားစုစည်းမှုဖြင့် ရခိုင်ပြည်နယ်မှဒုက္ခသည်ပြည်သူများအား ဒုတိယအကြိမ်မြောက် သွားရောက် ကူညီထောက်ပံ့ရန် ဇူလိုင်လ(၁၀)ရက်နေ့တွင် (၈၈)မျိုးဆက်ကျောင်းသားအချို့ရန်ကုန်မြို့မှ ထွက်ခွာသွားပြီဖြစ်သည်။
 
စေတနာရှင်ပြည်သူများက လှူဒါန်းထားသည့် ပစ္စည်းတန်ဖိုးအရေအတွက်မှာ အလှူငွေကျပ် သိန်း(၁၆၀)ကျော်၊ ဆန် (၃၆၀) အိတ်၊ အမြင့် (၅-ပေ) အကျယ် (၃-ပေ)ရှိ အ၀တ်အထည်အိတ်(၅၀)ကျော်၊ အမျိုးသမီးစီးဖိနပ် (၁၇၀၀)ကျော်နှင့်   ဆေးဝါးများနှင့်    ခေါက်ဆွဲခြောက်ထုတ်များဖြစ်ကြောင်းသိရှိရသည်။
 
“လာလှူတာကတော့ အစုံပဲ။ ကျွန်တော်တို့ ကြေညာလိုက်တဲ့အခါမှာ အဖွဲ့အစည်းတွေအနေနဲ့ လှူတာ လည်း ရှိတယ်။ လူပုဂ္ဂိုလ်တွေလည်း ရှိမယ်။ အစုံ လှူကြပါတယ်။ စက်ရုံအချို့က လှူ တာလည်းရှိတယ်။ အရင်က စစ်တွေဘက်ပဲ လှူဖြစ်တယ်။ ဒီတစ်ခေါက်ကတော့ ဘူးသီးတောင်၊ မောင်တောဘက် အထိ သွားလှူပါ့မယ်။” ဟု ၈၈မျိုးဆက်ကျောင်းသားရုံးမှ ကိုဇော်မင်းက ပြောသည်။
 
ရခိုင်ပြည်နယ်သို့ သွားရောက်လှူဒါန်းကြမည့် (၈၈)မျိုးဆက်ကျောင်းသားများသည် နှစ်သုတ်ခွဲ၍ သွားရောက် မည်ဖြစ်သည်ဟု သိရသည်။
 
ပထမအသုတ်အဖြစ် အံ့ဘွယ်ကျော်၊ စမ်းချောင်း ကိုကိုကြီး၊ မနီလာသိန်းနှင့် မမီးမီးတို့သွားရောက်မည်ဖြစ်ပြီး ဒုတိယအသုတ်တွင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်၊ ဂျင်မီ၊ ဇော်ထက်ကိုကို နှင့် မသက်သက်အောင် တို့မှ ဇူလိုင် ၁၁ရက်တွင် သွားရောက် ကူညီမည်ဖြစ်သည်။
 
(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့မှလည်း ဇူလိုင်လဆန်းတွင် ကချင်ပြည်နယ်ရှိ ကချင် လွတ်မြောက်ရေးအဖွဲ့ လက်အောက်ခံနယ်မြေအတွင်း လာရောက်ခိုလှုံနေသည့် စစ်ဘေးဒုက္ခသည်များအတွက် ကျပ်သိန်း (၉၀) သွားရောက် လှူဒါန်းခဲ့ကြောင်းကိုလည်း သိရှိရသည်။
 
အဆိုပါ လှူဒါန်းသည့်ပစ္စည်းများသည် မြန်မာနိုင်ငံဒေသအသီးသီးမှ ကူညီထောက်ပံ့ရေးပစ္စည်းများဖြစ်ကြောင်း (၈၈)မျိုးဆက်ကျောင်းသားများက ဆိုသည်။
ထွန်းနေအောင်(မြစ်မခ)

No comments:

Post a Comment