Sunday, July 8, 2012

ဇူလိုင်လ ၈ ရက်နံနက်ပိုင်းက မြေနီကုန်းလမ်းဆုံအနီးတွင် ကားခြောက်စီးဆင့်တိုက်မှုဖြစ်ပွား



ဇူလိုင်လ ၈ ရက်နံနက် ၉ နာရီဝန်းကျင်ခန့်က မြေနီကုန်းမီးပွိုင့်အနီး၊ ပြည်လမ်းပေါ်တွင် ကားခြောက်စီးဆင့်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ အင်းစိန်ဘက်မှ ဆူးလေဘက်သို့ မောင်းနှင်လာသော မထသ ၄၈ ယာဉ်လိုင်းမှ အထူးယာဉ်သည် ဘရိတ်ပေါက်အရှိန်လွန်ကာ မီးပွိုင့်တွင် တန်းစီရပ်နေသော ရှေ့မှကားများကို ဆင့်ကဲတိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်တွင်သေဆုံးသူမရှိခဲ့ဘဲ ဒဏ်ရာရသူများ ရှိခဲ့ကြောင်းသိရသည်။
ကျွန်မက ဒီကားကိုကိုယ်တိုင် မောင်းလာတာပါ။ ၄၈ အထူးကားက အနောက်ကနေ ဝင်တိုက်တာလို့ဆိုတယ်။ ကြားထဲကကားတွေက ဘာမှလုပ်လို့မရဘဲ ကြားညှပ်သွားတယ်။ ကျွန်မ ကားမောင်းလာခဲ့တဲ့ သက်တမ်း နှစ် ၂၀ ကျော်အတွင်းမှာ ဒီလိုမျိုးက ပထမဆုံးကြုံတွေ့ရတာပါ။ ဖြစ်ဖြစ်ချင်းမှာ ငလျင်လှုပ်ပြီး မြေပြိုသလိုပါပဲ။ အခုလောလောဆယ် ခြေထောက်နာနေပြီး တဖြည်းဖြည်း ရောင်လာနေတယ်။ ရန်ကုန်မှာ ကားမောင်းရတာ လုံးဝမကောင်းတော့ဘူး။ ကားတွေရော လူတွေရော စည်းကမ်းမရှိကြဘဲ လမ်းတွေကလည်း ဆိုးတယ်"ဟု ဆိုးရွားစွာပျက်စီးသွားသည့် Suzuki Wagon ကားကို ကိုယ်တိုင်မောင်းနှင်လာသူ အမျိုးသမီးက ပြောပြခဲ့သည်။
"ဒီ ၄၈ အထူးကားက ဒီပွိုင့်ကို မရောက်ခင်ကတည်းက သူ့ရှေ့က Super Custom ကိုဆောင့်လာပြီး ဒီရှေ့ကို အရောက်မှာ ဝုန်းခနဲဝင်ဆောင့်လိုက်သလို ဖြစ်သွားတာပါ။ ဒီရှေ့ကို မရောက်ခင်ကတည်းက နောက်ကနေတိုက်တဲ့အသံမျိုး ကြားနေရပြီး ဒီရှေ့လည်းရောက်ရော ဝုန်းခနဲအသံကြီးနဲ့အတူ ဆင့်ကဲတိုက်ကုန်ကြတာ တွေ့ရတယ်။ လူတွေတော့ ဆိုးဆိုးဝါးဝါး ဘာမှမဖြစ်ဘဲ ဒဏ်ရာရကြတာတော့ ရှိပါတယ်"ဟုဖြစ်ပွားရာ နေရာရှေ့တည့်တည့်ရှိ မုန့်ဆိုင်မှ မျက်မြင်ကြုံရသူတစ်ဦးက ပြောပြသည်။
EMG

No comments:

Post a Comment