Saturday, July 21, 2012

အမေရိကန်တွင် ရုပ်ရှင်ရုံအတွင်း ရမ်းကားပစ်ခတ်မှုကြောင့် လူ ၁၂ ဦးသေဆုံး

(ရုပ်ရှင်ရုံအတွင်း သေနတ်ဖြင့် ရမ်းကားပစ်ခတ်ခဲ့သည့် ဂျိမ်းစ်ဟုမ်းလ်)

အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ Century 16 ရုပ်ရှင်ရုံတွင် သောကြာနေ့ (ဇူလိုင် ၂၀ ရက်)က နံနက်အစောပိုင်း၌ သေနတ်သမားတစ်ဦး၏ ရမ်းကားပစ်ခတ်မှုကြောင့် ရုပ်ရှင်လာရောက်ကြည့်ရှုသူ ၁၂ ဦးသေဆုံးပြီး ၇၁ ဦးဒဏ်ရာရရှိသွားသည်။ အဆိုပါရုပ်ရှင်ရုံတွင် Batman ဇာတ်ကားသစ် The Dark Knight Rises ပြသနေခြင်းဖြစ်သည်။
သေဆုံးသူများအနက် အသက်အငယ်ဆုံးအဖြစ် ၁၂ နှစ်အရွယ် ကလေးတစ်ဦးပါဝင်ပြီး ဒဏ်ရာရရှိသူများအနက် အသက် ၃ လအရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်း သိရှိရသည်။ ရုပ်ရှင်ပြသနေစဉ် မှောင်မဲနေသော ရုပ်ရှင်အတွင်း ဓာတ်ငွေ့ကာမျက်နှာဖုံး ဝတ်ဆင်ထားသည့် သေနတ်သမားက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပစ်ခတ်ခံရသည့် ရုပ်ရှင်ကြည့်ပရိသတ်များမှာ သွေးအလိမ်းလိမ်းနှင့် အော်ဟစ်ညဉ်းညူလျက် ရုပ်ရှင်ရုံအပြင်ဘက်သို့ အလုအယက် ထွက်ပြေးလာခဲ့ကြသည်။
                                                        (ပစ်ခတ်မှုဖြစ်ပွားရာ အော်ရိုရာမြို့ရှိ ရုပ်ရှင်ရုံ) 
ဒဏ်ရာရရှိသူ အများအပြားအား ဆေးရုံသို့ တင်ပို့ထားရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ လူသတ်သမားမှာ သေနတ်ဖြင့် ပစ်ခတ်ခြင်း မပြုမီ ရုပ်ရှင်ရုံအတွင်း မျက်ရည်ယိုဗုံး ပစ်ခဲ့သေးကြောင်းလည်း သိရသည်။ အဆိုပါ သေနတ်သမားအား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရုပ်ရှင်ရုံ၏ ကားရပ်နားသည့်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က CNN သို့ ပြောကြားသည်။
                                     (သေနတ်သမားအသုံးပြုခဲ့သည့် မော်တော်ကားကို ရှာဖွေစစ်ဆေးစဉ်)

ပစ်ခတ်မှုကျူးလွန်သူမှာအသက်၂၄ နှစ်အရွယ်ရှိဂျိမ်းစ်ဟုမ်းလ်အမည်ရှိ အော်ရိုရာမြို့သားတစ်ဦးပင် ဖြစ်သည်။ ၎င်းထံမှ ရိုင်ဖယ်သေနတ် အပါအဝင် သေနတ် ၄ လက်ကို သိမ်းဆည်းရမိခဲ့ပြီး လာမည့် တနင်္လာနေ့တွင် ကော်ရိုရာဒိုတရားရုံး၌ ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။ ဂျိမ်းစ်ဟုမ်းလ်၏ နေအိမ်တိုက်ခန်းသို့ ဝင်ရောက်ရှာဖွေရာ မီးလောင်လွယ်စေသော ပစ္စည်းများနှင့် အခြား ဓာတုဗေဒပစ္စည်းများကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။ ရုပ်ရှင်ရုံ ပစ်ခတ်မှုအတွင်း သေဆုံးရသူတို့အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဇူလိုင် ၂၅ ရက် ညနေ နေဝင်ချိန်အထိ အမေရိကန်အလံအား တိုင်တစ်ဝက်သို့ လျှော့ချလွှင့်ထူထားရန် အမေရိကန်သမ္မတ အိုဘားမားက ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။
Planet News
 

No comments:

Post a Comment