Sunday, July 29, 2012

မြန်မာနိုင်ငံတွင် (၃)နှစ်အတွင်း စတော့ဈေးကွက်စတင်နိုင်တော့မည်


မြန်မာနိုင်ငံတွင်စတော့ဈေးကွက်(၃)နှစ်အတွင်း ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ဈေးကွက်ပေါ်ပေါက်စေရန် အဘက်ဘက်မှ ဝိုင်းဝန်းဆောင်ရွက် နေကြသည့်အတွက် ၂၀၁၅ တွင် စတော့ဈေးကွက်ဖြစ်ပေါ်လာမည်ဟု ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။

မြန်မာနိုင်ငံသို့ စတော့ကွက်ထူထောင်ရန်အတွက် လာရောက်ကမ်းလှမ်းသည့်ကုမ္ပဏီအများစုမှာ တရုတ်နှင့် ဂျပန်နိုင်ငံတို့မှ ဖြစ်ကြောင်း သိရှိရသည်။
 
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှထွန်းကလည်းလွှတ်တော်အစည်းအဝေးတစ်ရပ် တွင် အရင်းအနှီးဈေးကွက်နှင့် ပတ်သက်၍နိုင်ငံတကာအခြေအနေများ၊ အာဆီယံနိုင်ငံများ၏ အခြေအနေများ နှင့် ဆက်စပ်သည့်ကဏ္ဍများအား မြန်မာနိုင်ငံအခြေအနေနှင့် နှိုင်းယှဉ်လေ့လာသုံးသပ်၍ အဆင့်(၃)ဆင့်ပါ သောအရင်းအနှီးဈေးကွက်ထူထောင်ရေးလမ်းပြမြေပုံကို ရေးဆွဲခဲ့ပြီးအာဆီယံအရင်းအနှီး
 ဈေးကွက်ဆိုင်ရာဖိုရမ်၏TimeFrameအတိုင်းရေးဆွဲအကောင်အထည် ဖော်လျက်ရှိပါကြောင်း ပြောကြားခဲ့
သည်။
 “သူများနိုင်ငံတွေမှာဆို ငါးနှစ်အချိန်ယူပြီး ဆောင်ရွက်ရတယ်။ ဒါပေမယ့်အခုကျွန်တော်တို့ သုံးနှစ်အချိန်ယူပြီး သုံးနှစ်နဲ့စတော့ဈေးကွက်ဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်နေကြတဲ့ အတွက် နောက်သုံးနှစ်ကျရင် စတော့ဈေး ကွက်ဖြစ်ပေါ်လာမှာပါ”ဟု ကမ္ဘောဇဘဏ် ဒုဥက္ကဌဦးသန်းလွင်က ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိစီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လိုပါက အရင်းအနှီးအတွက်ဘဏ်များမှ ချေးယူနေရခြင်းများရှိနေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင်စတော့ဈေးကွက် ဖြစ်ပေါ်လာပါကကုမ္ပဏီ၏ရှယ်ယာများကိုဈေးကွက်တွင် ရောင်းချခြင်းဖြင့် အရင်းအနှီးရရှိနိုင်တော့မည် ဖြစ်ရာဘဏ်တိုးနှုန်းပေး၍   ချေးယူရန်မလိုအပ်တော့ကြောင်း စီးပွားရေးလုပ်ငန်းရှင်ကြီးများက ဆိုသည်။

“လုပ်ငန်းတစ်ခုတိုးချဲ့ချင်ကြတာပဲဖြစ်ဖြစ် ကုမ္ပဏီအတွက်ထပ်ထည့်ချင်လို့ပဲဖြစ်ဖြစ် စီပွားရေးလုပ်ငန်းရှင် အများစုဟာ ဘဏ်တွေကနေပဲချေးယူပြီး တိုးချဲ့လုပ်ကိုင်နေကြရတာလေ။ အကယ်၍ စတော့ဈေးကွက်ဖြစ်လာရင်တော့ ဒါတွေမလိုတော့ဘူး”ဟု Export/Import ကုမ္ပဏီတစ်ခုမှစီးပွားရေးလုပ်ငန်းရှင် ဦးအောင်ကျော်က ပြောသည်။

ထိုကဲ့သို့ စတော့ဈေးကွက်ဖြစ်လာရန်အတွက်စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ကုမ္ပဏီများ၏စာရင်းရှင်းတမ်းများကို တိကျသေချာစွာထားကြရန်လိုအပ်ကြောင်းနှင့်လက်ရှိတွင် ကုမ္ပဏီတစ်ခုတည်းကို စာရင်းနှစ်ခုထားပြီး အခွန်ရှောင်နေသော ကုမ္ပဏီများစွာရှိနေကြောင်း ၎င်းကထပ်မံပြောသည်။

အရင်းအနှီးဈေးကွက်ထူထောင်ရေး လမ်းပြမြေပုံ ပထမအဆင့်အနေဖြင့် ၂၀၁၀ခုနှစ်ဇန်န၀ါရီ(၁)ရက်နေ့မှ စတင်၍ လက်ရှိ ထုတ်လျက်ရှိသည့် (၃)နှစ်နှင့်(၅)နှစ်အစိုးရ ငွေတိုက်စာချုပ် အမျိုးအစားအပြင် (၂)နှစ် သက်တမ်းရှိသောအစိုးရငွေတိုက်စာချုပ်အမျိုးအစားကိုလည်းကောင်း၊လက်ရှိထုတ်ဝေလျက်ရှိသော ငွေ
ကျပ်(၁) သောင်း၊ ငွေကျပ်(၁)သိန်း၊ ငွေကျပ်(၁)သန်းတန်များအပြင် ငွေကျပ်(၁၀)သန်းတန်ကိုလည်းကောင်း
တိုးချဲ့ထုတ်ဝေခဲ့ကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းပြောကြားခဲ့သည်။

ထို့နောက် လမ်းပြမြေပုံ အဆင့် (၂) တွင်အဓိက ဆောင်ရွက်ရန်ဖြစ်သည့် ငွေချေးသက်သေခံလက်မှတ် ဥပဒေ ပြဋ္ဌာန်းပြီး နိုင်ငံတော်အဆင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကော်မတီ (Securities and Exchange Committee)ဖွဲ့စည်းပြီးပါက လမ်းပြမြေပုံအဆင့် (၃) ပါအတိုင်း Stock Exchangeများထူထောင်နိုင်ရေး ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။
ရန်နိုင်(မြစ်မခ)

No comments:

Post a Comment