Friday, July 6, 2012

ဆူဇူကီးဖလားခြေစစ်ပွဲများအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပရန် သေချာသလောက်ရှိ

ဆူဇူကီးဖလား ခြေစစ်ပွဲများအား မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် ယခုနှစ်တွင် လက်ခံကျင်းပသွားရန် အစီအစဉ် ရှိကြောင်း  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သိရှိရသည်။
 
အဆိုပါ ခြေစစ်ပွဲစဉ်များကိုရန်ကုန်မြို့ရှိသုဝဏ္ဏကွင်းနှင့် အောင်ဆန်းအားကစားကွင်းများတွင်  အောက်တိုဘာလ (၅) ရက်မှ(၁၃)ရက်အထိ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
 
“ဆူဇူကီးဖလားခြေစစ်ပွဲကို မြန်မာနိုင်ငံမှာ ပြုလုပ်ဖို့ ၈၀% လောက်သေချာနေပြီ၊ ခွင့်ပြုမိန့်ကျမဲ့ရက်ကို မီဒီယာတွေမှာ ထုတ်ပြန်သွားပါ့မယ်”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
 
ခြေစစ်ပွဲအတွက် ပွဲစဉ်မဲနှိုက်ရေးဆွဲခြင်းကို ဇူလိုင်လ(၁၁)ရက်နေ့တွင် အာရှဘောလုံးအဖွဲ့ချုပ် ရုံးစိုက်ရာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
 
နောက်ဆုံးအဆင့်ပွဲစဉ် များကို နိုဝင်ဘာလ (၂၄)ရက်မှ ဒီဇင်ဘာလ (၂၂)ရက်နေ့အထိ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်သည်။
 
“ ကျွန်တော်တို မြန်မာလက်ရွေးစင်အသင်းက မနှစ်က အုပ်စုအဆင့်မှာ နုတ်ထွက်ခဲ့ရတာကြောင့် ဒီနှစ်မှာ ခြေစစ်ပွဲ အဆင့်ကနေ ဝင်ပြိုင်ရမှာပါ” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မီဒီယာတာဝန်ခံတစ်ဦးက ပြောသည်။  
 
ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များသို့ တတ်ရောက်နိုင်သည့်အသင်းများအနေဖြင့် အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
ယခင်နှစ် ဆူဇူကီးဖလားတွင် အင်ဒိုနီးရှားအသင်းအား အံ့အားသင့်ဖွယ်ရာ အနိုင်ရဗိုလ်စွဲခဲ့သည့် မလေးရှား အသင်းသည် လာမည့် ၂၀၁၂ ဆူဇူကီး ဖလားပြိုင်ပွဲအား ထိုင်းနိုင်ငံနှင့် အတူ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိမည် ဖြစ်ကြောင်း AFF က သတင်းထုတ်ပြန်ထားသည်။
 
နောက်ဆုံး ကျင်းပခဲ့သော ဆူဇူကီးဖလားအား ဗီယက်နမ်နှင့်အင်ဒိုနီးရှားတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ပြီး ၂၀၁၂ ဆူဇူကီးဖလားပွဲအား မြန်မာနိုင်ငံ ကလည်း  အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်  စိတ်ဝင်စားခဲ့သော်လည်း မလေးရှား နှင့်ထိုင်းနိုင်ငံတို့က အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ဥာဏ်ဥာဏ် (မြစ်မခ)

No comments:

Post a Comment