Thursday, July 26, 2012

My Ringtune Service လစဉ်ကြေးငွေအား ဖုန်းငွေဖြည့်ကတ်ငွေဖြည့်စဉ် တပါတည်းကောက်ခံသွားမည်


Call Back Ringtone ဟုခေါ်သော My Ringtune ၀န်ဆောင်မှုစနစ် အသုံးပြုထားသော ဖုန်းများအတွက် လစဉ်ကြေးငွေအား ဖုန်းကတ်ငွေဖြည့်စဉ်တွင် တပါတည်းကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုလက်ရှိအချိန်တွင် လစဉ်ဖုန်းဘီလ်ပေးဆောင်ကာ အသုံးပြုလျက်ရှိသော Postpaid ဖုန်းများအား ကြိုတင်ငွေဖြည့်ကတ်စနစ်သုံး Prepaid စနစ်သို့ ပြောင်းလဲအသုံးပြုခွင့်ပေးလျက်ရှိပြီး

ယင်းကဲ့သို့ ပြောင်းလဲအသုံးပြုသော ဖုန်းများအတွက် စနစ်ပြောင်းလဲအသုံးပြုချိန်တွင် ဆက်သွယ်မှုပျက်တောက်မသွားစေရန် မြန်မာ့ဆက်သွယ်ရေးမှ ကြိုတင်ငွေတစ်ထောင်ကျပ်အား ဖုန်းအတွင်း ထည့်သွင်းပေးထားပြီး ဖုန်းအား ကြိုတင်ငွေဖြည့်ကတ်ဖြင့် စတင်ငွေဖြည့်စဉ်တွင် အဆိုပါကျပ်တစ်ထောင်အား ငွေဖြည့် Server မှ ပြန်လည်ဖြတ်ယူလိုက်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောပြရာတွင် “ဖုန်းကို Postpaid ကနေ Prepaid စနစ်စပြောင်းတဲ့အချိန်မှာ ဖုန်းဆက်သွယ်မှုမပြတ်အောင် ဆက်သွယ်ရေးကနေငွေ ၁ ထောင်ထည့်ပေးလိုက်ပါတယ်။ အဲဒီငွေကို ကြိုတင်ငွေဖြည့်ကတ် စသုံးတဲ့အချိန်မှာ ပြန်ပြီးဖြတ်ယူလိုက်မှာဖြစ်ပါတယ်” ဟုပြောသည်။ အဆိုပါအကြောင်းအရာများနှင့်ပတ်သက်၍ ဖုန်းအသုံးပြုသူများမှ ပြောပြရာတွင် “ကျွန်တော့်ဖုန်းကို Prepaid စနစ်ပြောင်းထားပါတယ်။ ဖုန်းထဲကို ငွေစဖြည့်တဲ့အချိန်မှာ မြန်မာ့ဆက်သွယ်ရေးက ဖြည့်ပေးထားတဲ့ငွေ ၁ ထောင်ကိုဖြတ်သွားပါတယ်။ ဒါပေမယ့် နောက်လတွေမှာလည်း ငွေဖြည့်တဲ့အချိန်မှာ ဖုန်းကတ်ရဲ့ငွေကို ထပ်ပြီးဖြတ်နေပါသေးတယ်” ဟုပြောသည်။ ယင်းကဲ့သို့ ငွေဆက်လက်ဖြတ်နေခြင်းမှာ Call Back Tone စနစ်အား အသုံးပြုထားသောကြောင့်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး၏ ကြိုတင်ဖြည့်သွင်းငွေ ၁ ထောင်အားပေးပြီးသော်လည်း My Ringtune Service အသုံးပြုထားသော အချို့ဖုန်းများ ငွေဖြည့်ရာ၌ My Ringtune Service အတွက် လစဉ်ကြေး ပေးဆောင်ရခြင်းမရှိသေးသော ဖုန်းများတွင် အဆိုပါ Service အတွက်လစဉ်ကြေး ငွေကျပ် ၂၀၀၀ အား ဖုန်းငွေဖြည့်စဉ်တွင် တစ်ပါတည်းဖြတ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ My Ringtune မှ တာဝန်ရှိသူတစ်ဦးကပြောပြရာတွင် ကျွန်တော်တို့ရဲ့ My Ringtune ၀န်ဆောင်မှုကို အသုံးပြုထားတဲ့ဖုန်းတွေအတွက် လစဉ်ကြေးငွေ ၂ ထောင်ပေးရပါတယ်။ အဲဒီငွေကို ကျွန်တော်တို့က ဖုန်းငွေဖြည့်တဲ့အချိန်မှာပဲ တပါတည်းဖြတ်ယူသွားမှာဖြစ်ပါတယ်။ ဒါက ငွေဖြည့်တဲ့အချိန်တိုင်းမှာ ဖြတ်ယူနေတာမျိုးမဟုတ်ပါဘူး။ လတစ်လအတွက် လစဉ်ကြေးမပေးဆောင်ရသေးတဲ့ ဖုန်းတွေအတွက် အဲဒီလအတွက် ပထမဆုံးသွင်းတဲ့ ငွေဖြည့်ကတ်မှာပဲ ကျပ် ၂၀၀၀ ကိုဖြတ်ယူသွားမှာပါ။ ကျွန်တော်တို့ဝန်ဆေင်မှုကို အသုံးမပြုထားတဲ့ဖုန်းတွေအတွက် ငွေမဖြတ်ပါဘူး” ဟုပြောပြခဲ့သည်။
ရေးသားသူ -ကိုသက်
Internet Journal

No comments:

Post a Comment