Friday, July 27, 2012

သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ်ပုဒ်မ ၅၀၀ ဖြင့် စွဲဆိုထားသည့်အမှု ဇူလိုင်လ ၂၆ ရက်ရုံးချိန်းတွင် တရားလိုပြ သက်သေတစ်ဦးကို ထပ်မံစစ်ဆေးခဲ့ပြီး လာမည့် သြဂုတ်လ ၉ ရက်နေ့တွင် ရုံးချိန်း ထပ်မံခေါ်ယူထား

ဇူလိုင် ၂၆ ရက် ရုံးချိန်းသို့ လာရောက်သူများ

သတ္တုတွင်းဝန်ကြီးဌာန မှ The Voice ဂျာနယ်အပေါ်ပုဒ်မ ၅၀၀ ဖြင့် စွဲဆိုထားသည့်အမှု ဇူလိုင်လ ၂၆ ရက်ရုံးချိန်းတွင် တရားလိုပြ သက်သေတစ်ဦးဖြစ်သည့် အမှတ်(၁) သတ္တုတွင်းလုပ်ငန်းမှ အငြိမ်းစား ဒုလက်ထောက် ညွှန်ကြားရေးမှူး(ငွေစာရင်း) ဒေါ်ကြည်သန်းမှ ဒဂုံမြို့နယ် တရားရုံးတွင် လာရောက်ထွက်ဆိုခဲ့ပြီး The Voice ဂျာနယ်ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်သူ တရား လွှတ်တော်ရှေ့နေ ဦးဝင်းရွှေက ပြန်လှန်မေးခွန်းများ မေးမြန်းခဲ့ကြောင်း သိရသည်။
အဆိုပါအမှုအား လာမည့် သြဂုတ်လ ၉ ရက်နေ့တွင် ရုံးချိန်းထပ်မံခေါ်ယူထားပြီး ယင်းရုံးချိန်းတွင်လည်း တရားလိုပြ သက်သေတစ်ဦးကို ထပ်မံစစ်ဆေးဦးမည် ဖြစ်ကြောင်း သိရှိရပါသည်။
ဇူလိုင်လ ၂၆ ရက် (ယနေ့)ပြုလုပ်ခဲ့သည့် ရုံးချိန်းတွင် သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းမှ အငြိမ်းစား ဒုတိယလက်ထောက် ညွှန်ကြားရေးမှူး (ငွေစာရင်း)ဒေါ်ကြည်သန်းက ၎င်းတာဝန်ထမ်းဆောင်စဉ် ကာလက အမှတ် ၁ သတ္တုတွင်းလုပ်ငန်းနှင့်  Ivanhoe ကုမ္ပဏီတို့သည် ကြေးနီ သတ္တုတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းကို အကျိုးတူဖက်စပ် လုပ်ကိုင်ခဲ့ကြောင်း၊ အမှတ် ၁ သတ္တုတွင်း လုပ်ငန်းမှ ပိုင်ဆိုင်သည့်ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို စီးပွားရေးဦးပိုင်လီမိတက်သို့ အမေရိကန်ဒေါ်လာသန်း ၁၀၀ ဖြင့်ရောင်းချခဲ့ကြောင်း၊ ၎င်းအမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို  စီးပွားရေးဦးပိုင်မှ ပေးချေရမည့်အစား Wambao  ကုမ္ပဏီမှပေးချေခဲ့ကြောင်း ၎င်းငွေများမှာလည်း မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်မှတစ်ဆင့် မြန်မာ့စီးပွားရေးဘဏ်ခွဲ ၃ ရှိ အ မှတ် ၁ သတ္တုတွင်းလုပ်ငန်းငွေစာရင်းသို့ မြန်မာကျပ်ငွေဖြင့် ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ငွေပေး ငွေယူပြုလုပ်ရာတွင် ငွေစာရင်းဖြင့်သာ တိုက်ရိုက်လွှဲပြောင်းလုပ်ကိုင် ခြင်းသာဖြစ်ပြီး ဌာနအနေဖြင့် ငွေကိုင်တွယ်သုံးစွဲခြင်း မရှိကြောင်း ထိုသို့ဆောင်ရွက်ခဲ့သည့်အတွက် အမှတ် ၁ သတ္တုတွင်းလုပ်ငန်း အနေဖြင့် ငွေကြေးအလွဲသုံးစားခြင်း မရှိကြောင်း ထွက်ဆိုချက်ပေးခဲ့ပါသည်။
တရားလိုပြသက်သေ ရုံးတော်တွင် ထွက်ဆိုချက်ပေးပြီးနောက် The Voice ဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော် ရှေ့နေက တရားလိုပြသက်သေကို ပြန်လှန်မေးခွန်းများ မေးမြန်းခဲ့ကြောင်း သိရှိရသည်။ ကြားနာစစ်ဆေးမှုမှာ နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် စတင်ပြီး နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။
EMG

No comments:

Post a Comment