Wednesday, August 8, 2012

လှိုင်သာယာ ကုလားကြီးစုတွင် ထွက်ပေါက်မရှိ၍ ရေလျှံမှုများဖြစ်ပေါ်


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကုလားကြီးစုကျေးရွာတွင် မိုးရေထွက်ပေါက်များ ပိတ်ဆို့နေခြင်းကြောင့် ကျေးရွာအတွင်း၌စီးဆင်းမှုမရှိပဲဖြစ်နေသဖြင့် ဒေသခံပြည်သူများ ရေဘေးဒု
က္ခရောက်လျှက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ကျေးရွာအတွင်း၌ ရေဝပ်နေရခြင်းကြောင့် မိုးရေစီးဆင်းသည့် ရွှေလင်ဗန်းချောင်းတွင် အမှိုက်များပိတ်ဆို့မှု များရှိနေပြီး    ရေလျှံမှုများဖြစ်ပေါ်နေခြင်းကြောင့် ကျေးရွာတွင်း ရေဝပ်နေခြင်းဖြစ်သည်။

''ဒီရွာမှာ အရင်တုန်းက ဒီလိုမျိုးတစ်ခါမှမဖြစ်ဖူးဘူး အရင်တုန်းက ရေရှိတော့ရှိတယ်၊ တစ်ထွာ တစ်မိုက်အဲ့ဒီလောက်ပဲ ရှိတယ်'' ဟု ရွာခံတစ်ဦးဖြစ်သူ ဦးလှမြင့်က ပြောသည်။

ယခုအချိန်တွင် အဆိုပါကျေးရွာ၌ ရေတင်နေမှုမှာ လမ်းမပေါ်တွင် တစ်ပေခန့်အနက်ရှိပြီးအိမ်ဝင်းများအတွင်း၌မူ   နှစ်ပေခွဲသုံးပေခန့်အနက်ရှိကြောင်း တွေ့ရှိရသည်။

ထိုကဲ့သို့ ရွာအတွင်း၌ ရေတင်နေမှုကြောင့် ရွာသားများအနေဖြင့် အလုပ်နားထားရပြီးအိမ်ကြမ်းခင်းများအား ထပ်မြှင့်နေရကြောင်းနှင့် သောက်ရေသုံးရေအတွက် မိုးရေကိုသာအားကိုးနေရကြောင်းကိုလည်း သိရှိရသည်။

''ကျွန်တော့်ရေတွင်းဆိုရင် အပေါ်ကနေလမ်းရေတွေ ဝင်သွားတာ စောစောတုန်းကခပ်ကြည့်တာထမင်းစေ့တွေ   ပြန်ထွက် လာတယ်။ လောလောဆယ်တော့ ရေကိုဘယ်လိုသုံးရမှန်းလည်း မသိသေးဘူး။ မိုးရေပဲ ခံသုံးနေရမှာ''ဟု ရွာခံတစ်ဦးဖြစ်သူ ကိုသန့်ဇင်မျိုးက ပြောသည်။

ကျေးရွာများတွင် ယခုကဲ့သို့အဖြစ်မျိုးကို ယခင်နှစ်များက မဖြစ်ဖူးသော်လည်း ၁၉၇၃ခုနှစ်တွင်မူကုလားစုကျေးရွာအနီးရှိ အညာစုကျေးရွာအနီးတွင် ဧရာဝတီမြစ်ရေအား တားထားသော တာဘောင်ကျိုး ဖူးသဖြင့် ကုလားစုကျေးရွာအပါအဝင် အခြားကျေးရွာများပါ ရေမြုပ်ဖူးကြောင်း ရွာခံများက ဆိုသည်။

ထိုကဲ့သို့ ကျေးရွာအတွင်း ရေတင်နေမှုကြောင့် ရွာသားများအနေဖြင့် မြွေပါးကင်းပါးအန္တရာယ် နှင့် ကလေး၊လူကြီးများ၏ ကျန်းမာရေးများအား စိတ်ပူပန်နေရကြောင်း သိရှိရသည်။

အခုလို ရေတင်နေတော့ အိမ်သာတွေလည်းမြုပ်ကုန်ပြီ၊ကလေးတွေကျန်းမာရေးကစိတ်ပူစရာဖြစ်လာပြီ၊ ကလေးတွေကိုကျောင်း ပို့ရင်လည်း ဒုက္ခရောက်တယ်၊ ညဘက် တွေဘာတွေဆိုလည်း မြွေပါးကင်းပါးကလည်း ကြောက်ရသေးတယ်’’ ဟု ရွာခံ ကိုမောင်စန်းက ပြောသည်။

ကုလားကြီးစုကျေးရွာတွင် အိမ်ခြေပေါင်း တစ်ထောင်ဝန်းကျင်ခန့်ရှိပြီး လူဦးရေ ၃၅ဝဝ ဝန်းကျင် ခန့် နေထိုင်လျှက်ရှိကြောင်း သိရှိရသည်။
ထွန်းနေအောင်+ကောင်းမြတ်ဖြိုး (မြစ်မခ)

No comments:

Post a Comment