Saturday, August 25, 2012

ကြည်နေသည့်ရေတိုင်း စိတ်ချလက်ချ မသောက်သင့်

ကမ္ဘာပေါ်တွင် သေဆုံးမူဦးရေအများဆုံးဖြစ်တတ်သော ရောဂါတစ်ခုဖြစ်သည့် ဝမ်းပျက်ဝမ်းလျောရောဂါမှာမသန့်ရှင်းသောသောက် သုံးရေကြောင့် လွယ်ကူစွာဖြစ်ပွားရကြောင်း ဆရာဝန်များက ဆိုသည်။
ကမ္ဘာပေါ်တွင် မသန့်ရှင်းသောသောက်သုံးရေများအား သောက်သုံး နေကြရသောလူဦးရေမှာ  သန်းပေါင်းတစ်ထောင်ကျော်ရှိပြီး ၄င်းတို့ထဲမှ (၃)သန်းကျော်သည် ဝမ်းပျက်ဝမ်းလျှောရောဂါအား ခံစားရကာ နှစ်စဉ်သေဆုံးမှုများရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေး  အဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ရေထဲမှာရှိနေတဲ့ ရောဂါပိုးမွှားတွေက သာမန်မျက်စိနဲ့ကြည့်လို့ မမြင်နိုင်တဲ့အတွက် ကြည်နေတဲ့ရေဆိုတိုင်းစိတ်ချလက်ချသောက် သုံးဖို့မသင့်ပါဘူး။ ရေထဲမှာ ဓါတုဗေဒ အဆိပ်အတောက်တွေလည်း ပျော်ဝင်နေတဲ့ အတွက် အဲ့ဒီရေကို တာရှည် သောက်သုံးနေရင်   ရောဂါဘယမျိုးစုံတွေ ဝင်လာနိုင်တယ် ဟု အလုံမြို့နယ်၊ ဝင်းဆေးခန်းမှ ဒေါက်တာမြင့်ဦးက ပြောသည်။
သောက်ရေထဲ၌ ရောဂါပိုးမွှားများ ပါဝင်နေတတ်သည့်အပြင် ကင်ဆာရောဂါဖြစ် စေနိုင်သော အာဆင်းနစ်ဓါတ်၊ ကျောက်ကပ်ထဲ   ကျောက်တည်ရောဂါအား ဖြစ်စေနိုင်သော ကယ်လစီယမ်၊ ခဲဆိပ်သင့်ရောဂါဖြစ်စေနိုင်သော ခဲ၊ သံ ဓါတ်များအစရှိသည့် ဓါတုဗေဒအဆိပ်အတောက်များလည်း ပျော်ဝင်နေနိုင်ခြင်းကြောင့် မသန့်ရှင်းသောရေအား မသောက်သုံးသင့်ကြောင်း ၄င်းက ဆက်ပြောသည်။
မသန့်ရှင်းသော သောက်သုံးရေသုံးစွဲမိခြင်းကြောင့် ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါတို့အပြင် အူရောင်ငန်းဖျား၊ သံကောင်စွဲရောဂါ၊ အသည်းရောင် အေ ရောဂါအစရှိသည့်  ဖြစ်ပွားတတ်ကြောင်း သိရှိရသည်။
မသန့်ရှင်းသောရေများမှ ဖြစ်ပွားတတ်သော ရောဂါများကာကွယ်ရန် ကျေးလက်တောရွာများရှိ ရေတွင်းရေကန်များထဲသို့ ကရိုရင်း ပိုးသတ်ဆေးများခပ်ခြင်း၊ သန့်ရှင်း အောင်ခံထားသော မိုးရေများအား ကျိုချက်သောက်သုံးခြင်း၊ FDA တွင် မှတ်ပုံတင်ထားပြီး စိတ်ချရသော စက်ရုံထုတ်သောက်ရေသန့်ဗူးများအားရွေးချယ်သောက်သုံးခြင်း၊ FDA မှလည်း ဓါတုဗေဒအဆိပ်အတောက်များ ပါဝင်လာနိုင်စေသော ရေသန့်များအား စစ်ဆေးကြပ်မတ်ပေးခြင်းတို့များ ပြုလုပ်ကြရန်လိုအပ်ကြောင်း ဆရာဝန်များက အကြံပြုပြောဆိုသည်။
လက်ရှိတွင် လူအများသောက်သုံးနေကြသော ရေသန့်ဗူးများသည် ရေသန့်စက်ရုံကြီးများမှ စနစ်တကျပိုးမွှားသန့်စင်ထားသော   ရေသန့်ဗူးများရှိသကဲ့သို့ ရေ၏အရည်အသွေးအား ဓါတ်ခွဲစစ်ဆေးခြင်းမရှိပဲအိမ်သုံးရေသန့်စက်ရုံငယ်များမှ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသည့် ရေသန့်များမှာလည်း ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိနေသည်။
''ဟိုတလောက ကျောင်းမှာ ရေသန့်ဗူးဝယ်သောက်တော့ ရေကုန်ခါနီး အောက်ခြေနားလည်း ရောက်ရော အမှုန်လေးတွေတွေ့လို့ ကြည့်လိုက်တော့ ရေတီပုံစံမျိုးလေးတွေကိုတွေ့ရတယ်။ အဲ့ဒါနဲ့ သောက်မိထားတာတောင်ပြန်အန်ပစ်ရမလို ဖြစ်သွားတယ် ''ဟု တက္ကသိုလ်ကျောင်းသူ မအိသူဇာက ပြောသည်။
ရန်ကုန်မြို့တွင် မှတ်ပုံတင်ထားသော သောက်ရေသန့်အမျိုးအစားပေါင်း (၁၃ဝ)ကျော်ရှိ သော်လည်းရှောင်တခင် စစ်ဆေးမှုအရ အမျိုးအစား(၃ဝ)ကျော်မှာ စနစ်တကျပိုးမွှား သန့်စင်ထားရှိမရှိသော ရေများကို ထည့်သွင်း ထားသည်ကို တွေ့ရှိရကြောင်း FDAမှ ထုတ်ပြန်သည့် သတင်းများအရ သိရှိရသည်။
ယမင်း(မြစ်မခ)

No comments:

Post a Comment