Monday, August 6, 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့မှတ်တမ်းရုပ်ရှင်အကြောင်း သေချာတာတွေပဲပြောချင်တဲ့မင်းထင်ကိုကိုကြီးနှင့် တွေ့ဆုံခြင်း


မင်းထင်ကိုကိုကြီးသည်  အင်းသီးမှတ်တမ်းရုပ်ရှင်ဖြင့် ၂ဝ၁ဝခုနှစ်၊ အောက်တိုဘာလအတွင်း ဗီယက်နမ်နိုင်ငံတွင် ပြုလုပ်သည့် Festival of Photos, Reportage Film and Documentary Film on the Countries and People in ASEAN  တွင် Best Documentary  ၂ဝ၁ဝ အမျိုးအစားအတွက် ဒုတိယဆု ရရှိထားသည့် ဒါရိုက်တာတစ်ဦးဖြစ်ပြီး မြန်မာ့ဗီဒီယိုလောကတွင်လည်း နာမည်ကျော်ဇာတ်ကားများစွာ ဖန်တီးပုံဖော်နေသူတစ်ဦးလည်းဖြစ်သည်။

ကမ္ဘာသိ မြန်မာနိုင်ငံမှ ပုဂ္ဂိုလ်()ဦး အနက် သက်ရှိထင်ရှားရှိနေသေးသူ  ဒေါ်အောင်ဆန်းစုကြည် အကြောင်းအား  မှတ်တမ်းရုပ်ရှင်အဖြစ် ထုဆစ်ပုံဖော်မည့် ဒါရိုက်တာမင်းထင်ကိုကိုကြီးနှင့် တွေ့ဆုံမေးမြန်းဖြစ်သည်များအား ဖော်ပြ အပ်ပါသည်။ 

မေး။        ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်တမ်းရုပ်ရှင်ကို ရိုက်ခွင့်ရဖို့အတွက် အကို့အနေနဲ့  ဘယ်လို ကြိုးစားအားထုတ်မှုမျိုးပြုလုပ်ခဲ့ရပါသလဲ။

အမေစုက ၂ဝ၁ဝ နိုဝင်ဘာ(၁၃)ရက်နေ့မှာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတယ်။ ၂ဝ၁ဝ ဒီဇင်ဘာမှာပဲ ကျွန်တော်သွားပြီးတော့ ကန်တော့ ဂါရဝပြုရင်းနဲ့ ကျွန်တော်ရိုက်ထားတဲ့ အင်းသီးအခွေလေးကို သွားပေးတယ်။ ပြီးတော့ အမေစုအချိန်ပေးနိုင်မယ်ဆိုရင် အမေစုမှတ်တမ်းရုပ်ရှင်လေးကို ရိုက်ချင်ပါတယ်ဆိုတဲ့အကြောင်း ပြောခဲ့ ပါတယ်။ အမေစုက ခဏတော့နေပါဦး၊ အင်းသီးကိုလဲ သူကြည့်ပါဦးမယ်ဆိုပြီး ပြောခဲ့တယ်။ အဲဒါနဲ့ ၂ဝ၁၁ ခုနှစ် မှာ ကိုလံဘီယာမှာ ကျင်းပတဲ့ နိုင်ငံတကာကဗျာပွဲတော်မှာ ကဗျာဆရာတစ်ယောက်အနေနဲ့ဖိတ်ကြားခံရတဲ့အတွက် သွားဖို့ဖြစ်လာတော့ အမေစုကို ကဗျာလေးတစ်ပုဒ်လေးတစ်ပုဒ်ရေးပေးပါဆိုပြီး ကျွန်တော်ကအမေစုကိုပန်ကြားခဲ့ပါတယ်။ အဲဒီမှာကဗျာက ၇ ရက်တောင်ရွတ်ရမှာကိုး။ ဘာလို့လဲဆိုတော့ အမေစုဆီက ကဗျာလေး ကိုသာယူသွားပြီးတော့ရွတ်ပြရင် မြန်မာနိုင်ငံရဲ့   နိုင်ငံအနေအထားလေးတွေပြောပြနိုင် မယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ်ကောင်းတယ်ဆိုပြီးတော့ ခွင့်ပန်တော့ အမေစုကကဗျာဆိုတာခေါင်းစဉ်လေးနဲ့ ကဗျာတစ်ပုဒ်ရေးပေးလိုက်တယ်။ အဲဒီ့ကနေပြန်လာပြီးတော့ ၂ဝ၁၁ ဇူလှိုင်လ ထဲမှာပဲ အမေစုနဲ့ တွေ့ပြီး ကဗျာပွဲတော်က အတွေ့အကြုံလေးတွေ ပြောပြဖြစ်ပြီးတော့ မှတ်တမ်းရုပ်ရှင် ရိုက်ခွင့်ပြုဖို့ ထပ်ပန်ကြားခဲ့ပါတယ်။

အဲဒီ့မှာ အမေစုကကျွန်တော့်ကို ခွင့်ပြုခဲ့တယ်။ ၂ဝ၁၁ခုနှစ် ဇူလှိုင်လမှာ ခွင့်ပြုခဲ့တာဆိုတော့ အခု ၂ဝ၁၂ခုနှစ် ဇူလှိုင်လမှာ စရိုက်ဖြစ်တာပါ။ ဒီတစ်နှစ်အတွင်းမှာ ရုပ်ရှင်အတွက် လိုအပ်တာလေးတွေ ပြင်ဆင်တယ်။ပစ္စည်း ကိရိယာ လေးတွေ စုဆောင်းတယ် ရှာဖွေတယ်။ Preproduction(အကြိုပြင်ဆင်မှု) လုပ်ခဲ့ပါတယ်။

ဒါရိုက်တာတွေ အများကြီးရှိတဲ့အထဲကမှ ဒေါ်အောင်ဆန်းစုကြည်က ဒီမှတ်တမ်းရုပ်ရှင်ကို ဘာကြောင့် အကို့ကို ရိုက်ခွင့်ပေးတယ်လို့ထင်လဲ။ အဲဒါတော့ ကျွန်တော်မသိဘူး။ ရိုက်နေတဲ့ဒါရိုက်တာတွေက အများကြီးလေ။

ဘယ်သူမှလဲ အဲဒါကို ရိုက်ဖို့အတွက် ခွင့်မပန်ကြားလို့ပဲလားလို့ မပြောတတ်ဘူး။ အဲလိုလဲဖြစ်ကောင်း ဖြစ်နိုင်တာပေါ့။ လူအများကြီးထဲမှ ကျွန်တော့်ကိုရိုက်ခွင့်ပေးတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။ ဒီဟာလေးကိုရိုက်ချင်တယ်ဆိုတဲ့ အကြောင်းကို သေသေချာချာပြောတယ်။ ကျွန်တော်ရိုက်ထားတဲ့ အင်းသီးကိုလည်း ပေးပြတယ်။ နောက်တစ်ကြိမ်ထပ်ပြီးတော့လည်း သေချာပြောတယ်။ အဲဒါကြောင့် ရိုက်ခွင့်ရတာလို့ မြင်ပါတယ်။

မေး။   အကို့အနေနဲ့ ဒီမှတ်တမ်းရုပ်ရှင်ကို ဘယ်လိုစိတ်ကူးမျိုးနဲ့ ရိုက်ကူးဖြစ်တာပါလဲ။

ဖြေ။   မြန်မာနိုင်ငံမှာ ကမ္ဘာကသိတဲ့ လူပုဂ္ဂိုလ်()ဦးရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရယ်၊ ဦးသန့်ရယ်၊ ပြီးတော့အမေစုလို့ ကျွန်တော်တို့ခေါ်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ပေါ့။ သူ့ကိုအခုသက်ရှိထင်ရှား ကြုံနေရတာပေါ့။ တကယ်တမ်းပြောရရင်   မြန်မာနိုင်ငံရဲ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနဲ့ အဲဒီ့ဟာကိုမြန်မာနိုင်ငံမှာဖြစ်ထွန်းရေးကို   ဆောင်ရွက်နေတဲ့   မြန်မာနိုင်ငံရဲ့   ခေါင်းဆောင်တစ်ယောက်လေ။ သူသက်ရှိထင်ရှားရှိနေတဲ့အချိန် ဒီအချိန်မှာ ကိုယ့်မှာရှိတာက အနုပညာပဲရှိတာဆိုတော့ ဒီအနုပညာနဲ့ အမေစုရဲ့ အထ္တုပတိကို အခြေခံတဲ့ မှတ်တမ်းရုပ်ရှင်လေးရိုက်ချင်ခဲ့တာပါ။ အမေစုဆီကနေ ရိုက်ခွင့်ရချင်တာပေါ့။ အဲဒီ စိတ်ကလေးတစ်ခုတည်းနဲ့ပဲ ခေါင်းဆောင်တစ်ယောက်ကို ကိုယ့်မှာရှိတဲ့ အနုပညာ၊ အတတ်ပညာ၊ မှတ်တမ်း ရုပ်ရှင်လေးတစ်ခု ဖန်တီးချင်တာပါ။

မေး။   ဒီမှတ်တမ်းရုပ်ရှင်ကားအတွက် ကုန်ကျစရိတ်ကို ဘယ်ကနေကူညီပံ့ပိုးပေးတာပါလဲ။
 ဖြေ။   ကျွန်တော်ရိုက်တဲ့ အင်းသီးကိုထုတ်ပေးတဲ့ creative media house ကပဲ ကူညီပံ့ပိုးပေးတာပါ။

မေး။   ဒီမှတ်တမ်းရုပ်ရှင်ရိုက်ဖို့ အချိန်ဘယ်လောက်ယူရပါသလဲ။
ဖြေ။   ရုပ်ရှင်တစ်ခုရဲ့လုပ်ငန်းစဉ်တွေအရ pre production ရှိတယ်၊ production ရှိတယ်။ post production ရှိတယ်ပေါ့။ pre production မှာတော့ researchလုပ်ရတာပေါ့ သူရဲ့အထုပ္ပတ္တိကို အခြေခံတဲ့ documentary ဖြစ်မှာဖြစ်တဲ့အတွက် သူ့ရဲ့ Life time တစ်ခုလုံးကို အကြမ်းဖျဉ်းဆွဲတယ်ပေါ့နော်။ ဆွဲပြီးတော့ အမေစုနဲ့တိုင်ပင် အမေစုကို တစ်ခါပြန်ပြတာပေါ့နော်။

သူကတစ်ခါနိုင်ငံရေးနဲ့ ပတ်သတ်တဲ့ဟာတွေဆိုရင်တော့ ဘဘဦးတင်ဦးတို့ဘဘဦးဝင်းတင်တို့ကို အင်တာဗျူးပါအုံးပေါ့။ အဲလိုအင်တာဗျူးပေါ့။ အဲတော့pre production ကာလက တစ်နှစ်ပြီးသွားပြီပေါ့။ production ကာလကတော့ဇူလှိုင်၂၁ ရက်နေ့က ပထမဆုံးစရိုက်တာပေါ့လေ။ သူ့အိမ်မှာ ၅၄ မှာပဲရိုက်တာပေါ့။ ထပ်ပြီးညှိနှိုင်းချက်အရ အမေစုကလဲ အခုလောလောဆယ်မှာ အလုပ်အရမ်းများတယ်လေ။ လွှတ်တော်ကိစတွေဘာတွေရှိနေတော့ အချိန်ကိုတော့ကိုယ့်documentaryတစ်ခုလုံး ကိုယ်ရိုက်မယ့် ဟာတစ်ခုလုံးပြီးအောင်ညှိနှိုင်းလိုက်တော့ သူပေးနိုင်တဲ့အချိန်အရဆိုရင်production ကာလက တစ်နှစ်ခွဲလောက်ကြာမယ်။ ပြီးတော့ post production ပေါ့လေအဲဒါတွေကတော့ editလုပ်တာတို့ ဂီတတွေထည့်တာတို့ ထားပါတော့ အဲဒီ့ဟာတွေက၆လလောက်ကြာမယ်။ ပြီးဖို့ဆိုရင် အနည်းဆုံးကတော့ နောက်ထပ်၂ နှစ်လောက်ကြာမယ်။ အဲဒါကတော့ အမေစုရဲ့ ဒီဟာပေါ်မှာ အချိန်ပေးနိုင်မှုအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်က အလုပ်လုပ်ရမှာကို။ အားလုံးစုစုပေါင်းဆိုရင် (၃) နှစ်လောက်ကြာမယ်လို့ ပြောရမှာပေါ့။


မေး။   ဒီမှတ်တမ်းရုပ်ရှင်ရိုက်ကူးပြီးသွားပြီဆိုရင် ဘယ်တွေကို ဖြန့်ချီပြသသွားဖို့ရှိလဲ။
ဖြေ။   ဒါကအနည်းဆုံး()နှစ်လောက်လိုသေးတယ် ထားပါတော့ ဖြန့်ချီရေးအပိုင်းပေါ့၊ နောက်တစ်ခုက ပြသရေးအပိုင်းပေါ့ ။world premiere show အဲဒါဘယ်မှာပြဖြစ်မလဲ world premiere show ဆိုတာ ကမ္ဘာမှာပထမဦးဆုံးရုပ်ရှင်တစ်ခုကို ပထမဦးဆုံးစပြတာပေါ့။ ဒီ documentaryကိုဘယ်နေရာမှာပြဖြစ်မလဲဆိုတဲ့ကိစ္စတွေပေါ့။ အဲဒီ့ဟာတွေက() နှစ်လောက်လိုသေးတဲ့အတွက် ပြောဖို့စောသေးတယ်။ ပြောရင်လဲ အဲ့ဒီ အတိုင်းဖြစ်ချင်မှဖြစ်မှာဆိုတော့။ ကိုယ့်မှာတော့ရှိတာပေါ့ဘယ်လိုတွေ လုပ်မယ်ဆိုတဲ့ဟာ ပြောဖို့ကတော့ စောသေးတယ်။

မေး။   ကိုမင်းထင်ကိုကိုကြီးအနေနဲ့ ဒီမှတ်တမ်းရုပ်ရှင်ပြီးရင် နောက်ထပ်ဘယ်လိုမှတ်တမ်းရုပ်ရှင်မျိုးတွေ ဆက်ရိုက်သွားဖို့ အစီအစဉ်ရှိပါသလဲ။

ဖြေ။   အဲလိုကြီးတော့မရှိပါဘူး။ ဒီအလုပ်ကိုတောင်မှပြီးအောင် တော်တော်လုပ်ယူရမှာလေ။ တော်တော်လုပ်ယူရမှာဆိုတာက အချိန်ကြောင့်ပါ။ သူ့ရဲ့အချိန်ပေးနိုင်မှုနဲ့ ပြီးအောင်ကြိုးစားရဦးမှာ။ အဲတော့ တစ်ခြားdocumentary ရိုက်ကူးဖို့ဆိုတာ အခုလောလောဆယ်မရှိသေးပါဘူး။

ဒါပေမယ့် အမေစုပေးထားတဲ့အချိန်အရ တစ်နှစ်ခွဲအတွင်းမှာတော့ တစ်ခြားအလုပ်တွေတွဲလုပ်လို့ရတဲ့ အနေအထားတော့ရှိတာပေါ့။ မဟုတ်လို့ရှိရင် ဒီအလုပ်တစ်ခုတည်းကိုလုပ်မယ်လို့ ပြင်ဆင်ထားတာပေါ့။ ဒါပေမယ့်အချိန်က တစ်နှစ်ခွဲလောက်ကိုယူရမှာဆိုတော့ တစ်ခြားအလုပ်တွေလဲ လုပ်ရမှာပေါ့။ကိုယ်ပုံမှန်နေကြ  feature ရိုက်မယ်။ တစ်ခြား shot flim တွေရိုက်မယ်။အဲဒါတွေကတော့ ပုံမှန်ရှိတာပေါ့။

မေး။   ဒီမှတ်တမ်းရုပ်ရှင်က တစ်ကားစာက အချိန်ဘယ်လောက်ကြာမြှင့်မှာလဲ။
 ဖြေ။   ဒီ documentary ကတော့ feature length documentary ပေါ့လေ။ မိနစ် ၉ဝစာလောက်ရှိတာပေါ့။   ဒါပေမယ့်အဲဒီ့မှာမှ အပိုင်း()ပိုင်းပါတာပေါ့။ အဲဒီ့ဟာတွေကဘာတွေလဲဆိုတာတော့ ကျွန်တော်မပြောချင်သေးဘူး။ ရိုက်ပြီးတော့မှပဲ ပြောလို့ရမယ်။

မေး။   ဒီမှတ်တမ်းရုပ်ရှင်ကို နာမည်ရောပေးပြီးသွားပြီလား။
 ဖြေ။   နာမည်လည်း ကိုယ်မပေးရသေးဘူး။ ဘာလို့လဲဆိုတော့ ကားဆက်ရင်းနဲ့မှ edit လုပ်တဲ့အချိန်ကြမှ နာမည်တစ်ခုကိုယ်ရလိမ့်မယ်ထင်တယ်။ စိတ်ကူးထဲမှာရှိတဲ့ နာမည်တွေကတော့အများကြီးပဲ။ ဒါပေမယ့် အဲဒါတွေ တစ်ခုမှ မပြောချင်သေးဘူး။ ဘာလို့လဲဆိုတော့ ဒီနာမည်ကြီးနဲ့ ရေးသားနေကြမှာစိုးလို့ အဲဒါကို ပြောချင်သေးဘူး။ တကယ်တမ်းကြတော့လည်း မသေချာသေးဘူးလေ။ အဲတော့ သေချာတော့မှပဲ ပြောပါ့မယ်။
(ကျေးဇူးတင်ရှိပါသည်- မြစ်မခမီဒီယာ)

ကျော်ဇင်မန်း+ယမင်း(မြစ်မခ)

No comments:

Post a Comment