Tuesday, August 21, 2012

အကြမ်းဖက်သမားများကို အီဂျစ် လေကြောင်းမှ တိုက်ခိုက်


အီဂျစ် ရဲစခန်းကို တိုက်ခိုက် ခဲ့သော အကြမ်းဖက် သမားများ ရှိသည့် အစ္စရေးနှင့် နယ်စပ် ဆိုင်းနိုင်း ဒေသကို အီဂျစ်စစ်တပ်မှ လေကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သဖြင့် အယောက် ၂၀ ကျော် သေဆုံးခဲ့ကြောင်း  နိုင်ငံပိုင် သတင်းဋ္ဌာနဖြစ်သည့် အာရမ်း သတင်းဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။
လွန်ခဲ့သော တနင်္ဂနွေနေ့က ရှိတ်ဇူးအိဒ်မြို့ ရဲစခန်းကို သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ရာ နယ်စပ်အစောင့်တပ်သား ၁၆ ဦး သေဆုံးခဲ့ရသည့် နောက်ပိုင်း စစ်တပ်မှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သေနတ်သမားများမှာ မည်သူမည်ဝါ၊ မည်သည့်အဖွဲ့အစည်းမှ ဖြစ်ကြောင်း မသိရှိရသေးပေ။
ဂါဇာကမ်းမြောက်ဒေသမှ ၁၀ ကီလိုမီတာခန့် အကွာတွင်ရှိသော ရှိတ်ဇူးအိဒ်မြို့မှ မျက်မြင်သက်သေများက တိုက်လေယာဉ် နှစ်စင်းကို မြင်တွေ့လိုက်ရပြီး ပေါက်ကွဲသံများ ကြားရကြောင်း၊ ကားသုံးစီးကို ထိမှန်ခဲ့ကြောင်းပြောသည်။
“ကျွန်တော်တို့ အယ်လ်တူမာ ရွာထဲကို တိုက်ခိုက်ခဲ့ပါတယ်။ အကြမ်းဖက်သမား အယောက် ၂၀ ကို သတ်ဖြတ်ပစ်နိုင်ခဲ့ပြီး လက်နက် တပ်ဆင်ထားတဲ့ ကားသုံးစီးကို ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ စစ်ဆင်ရေး ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ရိုက်တာ သတင်းဋ္ဌာနသို့ တပ်မှူးတစ်ဦးက ပြောပြခဲ့သည်။
လေကြောင်းမှ ထိုးစစ်ဆင်ပြီးနောက်ပိုင်း ဆိုင်းနိုင်းဒေသရှိ အစ္စရေးနှင့် နယ်စပ် ရာဖာမြို့အနီး စစ်ဆေးရေးဂိတ်များကို သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရိုက်တာနှင့် အီဂျစ် သတင်းဋ္ဌာနများက ဆိုသည်။
ကြယ်စင် (လားရှိုး)
SHADE Journal

No comments:

Post a Comment