Wednesday, August 22, 2012

လားရှိုးမှ ရေဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးနှင့်စားဝတ်နေရေးအကူအညီများလိုအပ်နေ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရပ်ကွက်ကြီး(၅)ခုတွင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး   ရေဘေးသင့်ပြည်သူများ၏ ကျန်းမာရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲများဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။
 
ရပ်ကွက်ကြီး(၅)ခုမှ ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံရေးပါတီများက လမ်းဆုံလမ်းခွများ၊ လူစည်ကားရာနေရာများတွင်   ကြေညာဘုတ်များစိုက်ထူ၍ အလှူခံပေးလျှက်ရှိ ပြီးကိုယ်တိုင်ချက်ပြုတ် လှူဒါန်းနေသည့် နိုင်ငံရေးပါတီများလည်းရှိကြောင်း သိရှိရသည်။

''ရပ်ကွက်(၁)နားမှာရှိတဲ့ နယ်မြေတစ်ခုစီမှာ ကယ်ဆယ်ရေးစခန်းတွေ တွေ့လာရတယ်၊ ကုန်းပေါ်မှာ ကယ်ဆယ်ရေးစခန်း တစ်ခုဖွင့်ထားတယ်။ ရပ်ကွက် (၁)ကလူနေအိမ်တွေ အကုန်လုံးမြုပ်သွားတာ။ အခုထိတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်နေကြတယ်''ဟု ဒေသခံ မတူးက ပြောသည်။

လက်ရှိတွင် ရပ်ကွက်(၁)တစ်ခုတည်း၌ ရေဘေးသင့်ပြည်သူ (၆ဝဝ)ကျော်ရှိပြီး ကျန်ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူများစာရင်းအား အတိအကျမသိရှိရသေးကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် နိုင်ငံရေးပါတီများမှ ကယ်ဆယ်ရေးလုပ်ငန်းများ   ဆောင်ရွက်လျှက်  ရှိကြောင်းကိုလည်း သိရှိရသည်။
 
 
အမှတ်(၁)ရပ်ကွက်အနီးတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး နီးစပ်ရာရပ်ကွက်များမှတစ်အိမ်လျှင် ထမင်းထုပ်တစ်ထုပ်နှုန်း အလှူခံ၍ရေဘေးသင့်ပြည်သူများအတွက် အကူအညီ ပေးလျှက်ရှိကြောင်း သိရသည်။
 
''နီးစပ်တဲ့ရပ်ကွက်ကနေ အလှူခံတယ်။ ရတာလေးတွေနဲ့ ပြန်ကူညီပေးတယ်။ အခုက သူတို့ အတွက် ကျန်းမာရေးနှင့် အစားအသောက်က အခက်အခဲဖြစ်နေတယ်။''ဟု ဒေသခံ တစ်ဦးက ဆိုသည်။
 
 သြဂုတ်လ (၁၈)ရက်နေ့ ညဦးပိုင်းမှ (၁၉)ရက်နေ့ ညဦးပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျရေများခြင်းနှင့် ဆည်ရေလွှတ်ခြင်းကြောင့် လားရှိုးမြို့ရှိ ရပ်ကွက်(၁)၊ (၅)၊ (၇)၊ (၁၂)၊ (၈)တို့ ရေလွှမ်းခံခဲ့ရပြီး ရပ်ကွက် (၁)မှာ နေအိမ်များနှစ်မြှုပ်သည်အထိ ရေလွှမ်းခဲ့ကြောင်း ဒေသခံများက ဆိုသည်။
 
 ''မိုးရေကများတာရယ် နမ့်ကျန်ဆည်ကရေတွေကအရှိန် နဲ့ဝင်လာကြတာရယ်ကြောင့် ရေက ချက်ချင်းဆိုသလို ထိုးတက်လာတာ၊ အမြင့်ပိုင်းကလူတွေလောက်ပဲ ပစ္စည်းအနည်းအကျဉ်း သယ်နိုင်တယ် အနိမ့်ပိုင်းကျတဲ့သူတွေကတော့ လူပဲလွတ်အောင်ပြေးရတယ်”'' ဟု ရေဘေးသင့်ရာ ကျောက်တောင်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
 
 မြေနိမ့်ပိုင်းရပ်ကွက်များကွက်တွင် ရေငါးပေအထိမြင့်တက်ခဲ့ပြီး အချို့မြေနိမ့်ပိုင်းတွင် ခုနှစ်ပေထိ မြင့်တက်ကာ နေအိမ်တစ်ချို့ ပြိုကျပျက်စီးခြင်း၊ ခြံဝန်းသံပန်းတံခါးများလဲ ပြုတ်ထွက်ခြင်း၊တံတားများမျှောပါခြင်း၊ တိရစ္ဆာန်များ၊ကားလမ်းမကြီး   ရေလွှမ်းခြင်း၊ရေဘေးဒဏ်သင့်သူများလည်း ရှိခဲ့ကြောင်း သိရှိရသည်။
 
''ကားလမ်းမကြီးဆို ရေလွှမ်းနေတာ ကားတွေဖြတ်လို့မရဘူး။ကုန်ကားကြီးတွေဆိုရင် ရမလားဆိုပြီး ဖြတ်ကူးကြတာ   ရေထဲမှာတင် သောင်တင်နေတာလဲရှိတယ်။ သုံးဘီးဆိုရင် စေီးသန်လို့ မျှောသွား တယ်။''ဟု ဒေသခံမျက်မြင်  သက်သေတစ်ဦးက ပြောသည်။
နေဖြိုးမြင့် ရှမ်း/မြောက်( မြစ်မခ)

No comments:

Post a Comment