Saturday, August 11, 2012

iPhone 5 နှင့် iPad Mini ကို စက်တင်ဘာ ၁၂ ရက်တွင် မိတ်ဆက်မည်ဟုဆို


Appleကုမ္ပဏီ အနေဖြင့် iPhone 5နှင့် iPad Miniတို့ကို စက်တင်ဘာ (၁၂)ရက်နေ့တွင် ကမ္ဘာသို့ မိတ်ဆက် ပြသမည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ Appleသည် ဆဋ္ဌမမျိုးဆက် iPhone အသစ်ကို ယခုနှစ် နှောင်းပိုင်းတွင် စတင်ရောင်းချမည်ဟု သတင်းများ ထွက်ပေါ်လျှက် ရှိနေသည်။ ထို့အတူ လက်ရှိ (၉.၇)လက်မအရွယ် iPadများထက် ပိုမိုသေးငယ်သော iPad Miniကိုလည်း Appleက စတင် ထုတ်လုပ်နေပြီဟု ခန့်မှန်းချက်များ အားကောင်းနေခဲ့သည်။ Appleသည် ဆန်ဖရန်ဆစ္စကိုတွင် စက်တင်ဘာ (၁၂)ရက်နေ့၌ ကွန်ဖရင့်တစ်ခု ပြုလုပ်ကာ iPhoneအသစ်နှင့် iPad Miniတို့ကို မိတ်ဆက် ပြသသွားမည်ဟု သတင်းများက ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းကတည်းက Appleအနေဖြင့် iPhone 5ဟု ယာယီအမည်ပေးထားသည့် စမတ်ဖုန်းသစ်ကို စက်တင်ဘာ (၂၁)ရက်နေ့တွင် ရောင်းချသွားမည်ဟု ခန့်မှန်းထားသည်။ Appleသည် iPadများဖြင့် Tabletကွန်ပျူတာ လောကကို လွှမ်းမိုးထားသော်လည်း ပိုမိုအရွယ်အစား သေးငယ်သည့် iPadကို ထုတ်လုပ်ကာ eBook Reader လောကထဲ ထိုးထွင်းဝင်ရောက်လာရန်ပါ စီစဉ်လာခြင်း ဖြစ်သည်။ iPad Miniသည် အလွယ်တကူ သယ်ဆောင်သွားနိုင်မည့် (၇)လက်မအရွယ် Screenနှင့် ဖြစ်နိုင်ကြောင်းလည်း လေ့လာသူများက သုံးသပ်ခဲ့သည်။

Appleသည် သေးငယ်သောiPadအမျိုးအစားကိုထုတ်လုပ် ရောင်းချရန် တောက်လျှောက် ငြင်းဆိုခဲ့သော်လည်း Android OSသုံး Tabletများ၏ ဈေးကွက်ချဲ့ထွက်လာမှုကို ယှဉ်ပြိုင်ရန်အတွက် စိတ်ကူးပြောင်းလဲလာဖွယ် ရှိနေသည်။ အစောပိုင်းကလည်း Appleကို ကုန်ကြမ်း ထောက်ပံ့နေသည့် အမည်မဖော်ပြသော တရုတ်ကုမ္ပဏီ တစ်ခုက Appleအနေဖြင့် iPadအသေးစား တစ်မျိုး ထုတ်လုပ်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့ဖူးသည်။ 
Planet

No comments:

Post a Comment