Friday, September 14, 2012

ကမ္ဘာ့အကြီးဆုံး ရေခဲခွဲသင်္ဘော ရုရှားတည်ဆောက်


ရုရှားနိုင်ငံက ကမ္ဘာ့အကြီးဆုံး ရေခဲပြင်ခွဲ သဘောင်္တစ်စင်း တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း၊ ယင်းမှာ ရုရှားနိုင်ငံသို့ ကုန်သွယ်မှု ပိုမိုပြုလုပ် လာစေရန်အတွက်ဖြစ်ကြောင်း ဗြိတိသျှ ထိပ်တန်းလေ့လာရေး ပညာရှင်များက ပြောကြားသည်။ အဆိုပါ ရေခဲခွဲသင်္ဘောသည် အာတိတ်သမုဒ္ဒရာ အနက်အထိ ရေခဲများကို ထိရောက်စွာ ခွဲနိုင်လိမ့်မည် ဖြစ်ကြောင်း၊ ထိုသို့ ရေခဲများ ခွဲလိုက်ခြင်းကြောင့် ရုရှားနိုင်ငံသို့ နိုင်ငံခြားသင်္ဘောများ ပိုမိုဝင်ထွက် သွားလာနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းအဖွဲ့က ဆက်လက်ပြောကြားသည်။ ရုရှားနိုင်ငံသည် နျူကလီး ယား ရေခဲခွဲသင်္ဘော အုပ်စုကို ပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ နိုင်ငံပိုင် နျူကလီးယား စွမ်းအင် ကော်ပိုရေးရှင်းနှင့် ရေခဲခွဲသင်္ဘောသစ် အယ်လ်ကေ ၆၀ တို့ သြဂုတ် ၂၃ ရက်က လက်မှတ်ရေးထိုး ထားကြသည်။ အဆိုပါ ရေခဲခွဲသင်္ဘောကို စိန့်ပီတာစဘတ်မြို့ ဘောတစ်စကိုင်းဇာဘော့ သင်္ဘောကျင်း၌ တည်ဆောက်မည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေခဲခွဲသင်္ဘောသည် အရှည် ၅၆၈ ပေ၊ အကျယ် ၁၁၂ ပေ ရှိသည်။ ၎င်းသင်္ဘောသည် လက်ရှိ အကြီးဆုံးဖြစ်သည့် ရေခဲခွဲသင်္ဘောထက် ၁၄ မီတာ ပိုရှည်ပြီး အနံ ၄ မီတာ ပိုကျယ်လိမ့်မည် ဖြစ်သည်။ အာတိတ်သမုဒ္ဒရာ ရေခဲပြင်ဒေသသည် အကောင်းဆုံး ပို့ဆောင်ရေးလမ်းကြောင်း ဖြစ်လာမည်ဖြစ်ကြောင်း၊ ၎င်းရေခဲပြင်ဒေသမှ တစ်ဆင့် မည်သည့်သင်္ဘောမဆို ဝင်ရောက်ပြီး ရုရှားနိုင်ငံသို့ ဝင်ရောက်နိုင်ရန် ရုရှားနိုင်ငံက ကြိုးစားလျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြား သည်။ ရုရှားနိုင်ငံအနေဖြင့် ကမ္ဘာ့သဘာဝ အရင်းအမြစ်များဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ လေးပုံ တစ်ပုံခန့်မှာ အာတိတ် သမုဒ္ဒရာအောက်၌ ရှိလိမ့်မည်ဟု ယုံကြည်ထားကြသည်။ ရုရှား၊ နော်ဝေ၊ ကနေဒါ၊ ဒိန်းမတ်နှင့် အမေရိကန်နိုင်ငံတို့ကလည်း ယင်းဒေသ၌ အခြေချလုပ်ကိုင်နေလျက် ရှိသည်။
khitlunge

No comments:

Post a Comment