Saturday, October 27, 2012

ပရီးမီးယားလိဂ်မှ စပိန်ကြယ်ပွင့်များ၏ ခြေရာကို နင်းလိုကြောင်း မီချူပြောကြား


ဆွမ်ဆီး ကွင်းလယ်လူ မီချူက ၎င်းအနေဖြင့် အင်္ဂလန် ပရီးမီးယားလိဂ်တွင် အောင်မြင်နေသော စပိန်ကြယ်ပွင့်များ၏ ခြေရာကို နင်းလိုကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် အပြောင်းအရွှေ့ ဈေးကွက်တွင် ပရီးမီးယားလိဂ် ရပ်ဝန်း၌ ရော်ဘင်ဗန်ပါစီ မန်ချက်စတာ ယူနိုက်တက် ပြောင်းသည့်သတင်း၊ အီဒင်ဟာဇက် ချယ်လ်ဆီးသို့ ရောက်လာသည့် သတင်းများက ရေယိုဗယ်လက်ကာနို ကွင်းလယ် ကစားသမားအား ဆွမ်ဆီးက ပေါင်စတာလင် (၂)သန်းဖြင့် ဝယ်ယူခဲ့သော သတင်းကို မှေးမှိန်နေစေခဲ့သည်။ အသက်(၂၆)နှစ်ရှိ ကွင်းလယ်တိုက်စစ် ကစားသမားသည် စပိန်အတွက် တစ်ပွဲမှ ကိုယ်စားမပြုဖူးသလို နာမည်ကြီး ကစားသမား တစ်ယောက်လည်း မဟုတ်ခဲ့ချေ။
သို့သော်လည်း ၎င်းသည် ကွင်းလယ် ကစားသမား တစ်ယောက်အနေဖြင့် လာလီဂါကဲ့သို့ ကမ္ဘာ့အကောင်းဆုံး အမှတ်ပေးပြိုင်ပွဲ တစ်ခုတွင် တစ်ရာသီအတွင်း (၁၅)ဂိုး ရအောင် သွင်းယူပြခဲ့ခြင်းမှာမူ လူသိနည်းသော မြှုပ်ကွက်တစ်ခု ဖြစ်နေသည်။ မီချူက ဟွမ်မာတာ၊ ဆန်တီ ကာဇိုလာနှင့် ဒေးဗစ်ဆေးလ်ဗားတို့ကဲ့သို့ စပိန်လက်ရွေးစင်များနည်းတူ ပရီးမီးယားလိဂ်တွင် တောက်ပအောင် ကြိုးစားမည်ဟု ပြောဆိုခဲ့သည်။ "အာဆင်နယ်ဟာ ဆက်စ်ဖာဘရီဂက်စ်နဲ့ ဗန်ပါစီလို ကစားသမားတွေကို ဆုံးရှုံးသွားပေမယ့် ကာဇိုလာကို ရလိုက်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီက စပိန် ဘောလုံးလောကမှာ လေးစား ကြည်ညိုမှုတွေ ရရှိခဲ့သူ တစ်ယောက်ပါ။ သူဟာ ဥရောပ ဖလားနှစ်လုံးကို ရခဲ့ပြီး ကမ္ဘာ့ဖလားနဲ့ လွဲသွားတာလည်း ဒဏ်ရာကြောင့်သာ ဖြစ်ပါတယ်။ သူဟာ အာဆင်နယ်မှာ အကောင်းဆုံးတွေ လုပ်ပြနိုင်မှာပါ"ဟု မီချူက ဆိုသည်။
၎င်းက "ပရီးမီးယားလိဂ်မှာ တခြား စပိန်ထိပ်တန်း ကစားသမားတွေ ရှိနေပါသေးတယ်။ ဆေးလ်ဗားဟာ ကာဇိုလာလိုပဲ အောင်မြင်နေသူ တစ်ယောက် ဖြစ်ပါတယ်။ သူဟာ မန်ချက်စတာ စီးတီးကို ပြောင်းလာကတည်းက အရည်အသွေးကောင်းတွေ ပြခဲ့သူပါ။ မာတာကလည်း ကျွန်တော် အင်္ဂလန် ရောက်နေကတည်းက အဆက်အသွယ် ရှိနေပါတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံးဟာ ရီးယဲလ် အိုဗီဒို အသင်းကနေ ထွက်ခွာလာကြသူတွေပါ။ သူက တကယ့်ကို ထူးချွန်သူပါ။ ကျွန်တော့် အနေနဲ့ ပရီးမီးယားလိဂ်က တခြား စပိန်ကြယ်ပွင့်တွေလို အဆင့်မျိုး ရောက်လာအောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်"ဟုလည်း ပြောကြားသွားသည်။
Ref: Goal
soccer myanmar

No comments:

Post a Comment