Friday, October 19, 2012

ချန်ပီယံလိဂ် ဖလား ရသည်ထက် ရှုံးပွဲမရှိ စံချိန်က ပိုဂုဏ်ယူသင့်ကြောင်း ဘိုအာ့စ်သုံးသပ်


ချယ်လ်ဆီး အသင်း ရရှိခဲ့သည့် ချန်ပီယံ လိဂ်ဖလားထက် ပေါ်တိုနှင့် အတူ မိမိ ဖြတ်သန်းခဲ့ဖူးသည့် ရှုံးပွဲမရှိ ဘောလုံး ရာသီကမှ ဂုဏ်ယူစရာ ကောင်းသေးကြောင်း အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က မှတ်ချက်ပြုခဲ့သည်။

ပြီးခဲ့သည့် ရာသီက ချယ်လ်ဆီးကို မန်နေဂျာ အဖြစ် တာဝန် ယူခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ရာသီဝက်တွင် ထုတ်ပယ်ခံရသော ပေါ်တူဂီသား မန်နေဂျာက အသင်းဟောင်း အတွက် ကသိကအောင့် ဖြစ်လောက်စရာ စကားမျိုး ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။ ဘိုအာ့စ် နေရာတွင် ယာယီ မန်နေဂျာ အဖြစ် တာဝန် ယူလာသော ရောဘတ်တို ဒီမက်တီယိုသည် ရာသီကုန်တွင် ချယ်လ်ဆီးကို ချန်ပီယံလိဂ် ဖလား ရရှိအောင် စွမ်းဆောင် ပေးခဲ့သည်။ ယခုအခါ တော့တင်ဟမ် ဟော့စပါးကို မန်နေဂျာအဖြစ် တာဝန်ယူထားသော ဘိုအာ့စ်က ချယ်လ်ဆီး မတိုင်မီ ပေါ်တိုတွင် မိမိ ရယူပြသည့် စံချိန်ကမှ ပိုမို စိတ်လှုပ်ရှားဖွယ် ရှိနေကြောင်း ပြောဆိုသွားသည်။
ဘိုအာ့စ် ဦးဆောင်ခဲ့သော ပေါ်တူဂီ ကလပ်သည် (၂၀၁၀-၁၁) ဘောလုံးရာသီ တစ်လျှောက်လုံး တစ်ပွဲမျှ မရှုံးခဲ့သလို ပြည်တွင်း ချန်ပီယံဆု၊ ရှုံးထွက်ချန်ပီယံဆုနှင့် ယူရိုပါဖလားတို့ကို သိမ်းကျုံးဆွတ်ခူးခဲ့သည်။ ဘိုအာ့စ်က "ဘယ်အမှတ်ပေး ပြိုင်ပွဲကိုမဆို အောင်ပွဲရဖို့ ဆိုတာက အရမ်းခက်ပါတယ်။ လုံးဝ ရှုံးပွဲမရှိဘဲ ဖြတ်သန်းဖို့ ဆိုတာက ပိုတောင် ခက်ပါဦးမယ်။ အာဆင်နယ်ဟာ (၂၀၀၄)ခုနှစ်တုန်းက ခုလို ရပ်တည်ပြခဲ့ဖူးတယ်။ ဒါဟာ အမှတ်ရစရာပါ။ ပေါ်တိုလည်း (၂၀၁၁)မှာ တစ်ရာသီလုံး အရှုံးမရှိ ဖြတ်သန်းပြီး အောင်ပွဲခံခဲ့ပါတယ်။ ခေတ်သစ် ဘောလုံးလောကမှာ ခုလို စံချိန်မျိုး ထပ်ရဖို့ဆိုတာ အရမ်းခက်ပါတယ်"ဟု ပြောကြားခဲ့သည်။

သတင်းထောက်များက ချန်ပီယံလိဂ် ဆုဖလားနှင့် တစ်ရာသီလုံး ရှုံးပွဲမရှိ စံချိန်တို့ နှိုင်းယှဉ်လျှင် မည်သည်က ပိုမို ကြီးကျယ်ကြောင်း မေးမြန်းခဲ့ရာ ဘိုအာ့စ်က "ထပ်ပြောပါမယ်။ ရှုံးပွဲမရှိ ဖြတ်သန်းမှုက ပိုဂုဏ်ယူသင့်တာပါ"ဟု ဖြေဆိုသွားသည်။
soccer myanmar

No comments:

Post a Comment