Friday, October 19, 2012

ထပ်မံခွင့်ပြုမည့် အော်ပရေတာများကို နိုင်ငံတကာသို့ ချိတ်ဆက်ခေါ်ဆိုမှုများအတွက် တိုက်ရိုက်ချိတ်ဆက် ခေါ်ဆိုခွင့်ပြုမည်မဟုတ်


မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှပြုလုပ်မည့် ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး အစီအစဉ်အရ ဆက်သွယ်ရေး အော်ပရေတာများ ထပ်မံခွင့်ပြုမည်ဖြစ်ပြီး လုပ်ကိုင်ခွင့်ရရှိသည့် အော်ပရေတာများကို နိုင်ငံတကာသို့ ချိတ်ဆက်ခေါ်ဆိုမှုများအတွက်

တိုက်ရိုက်ချိတ်ဆက် ခေါ်ဆိုခွင့်ပြုမည်မဟုတ်သေးဟု ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး ဦးသန်းထွန်းအောင်ကပြောသည်။ “ယခုရေးဆွဲထားတဲ့ ဥပဒေသစ်မှာ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများက နိုင်ငံတကာကို ချိတ်ဆက်ခေါ်ဆိုမှုများအတွက် အစိုးရက သတ်မှတ်ပေးထားတဲ့ designated national gateway များကသာတစ်ဆင့် ဆောင်ရွက်ခွင့်ပြုမှာပါ။ အော်ပရေတာများကို တိုက်ရိုက်ချိတ်ဆက်ခွင့်ပြုမှာ မဟုတ်သေးပါဘူး” ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။ “နိုင်ငံတော်တော်များများမှာ ပေးထားတဲ့ ဆက်သွယ်ရေးအော်ပရေတာတွေကို နိုင်ငံတကာကို ချိတ်ဆက်ခေါ်ဆိုမှုကို သူတို့သတ်မှတ်ထားတဲ့ gateway ကနေပဲ ခွင့်ပြုပေးထားကြတာပါ။ တိုက်ရိုက်ချိတ်ဆက်ခွင့်ပေးတယ်ဆိုတာ ရှားပါတယ်။ ဒီမှာတော့ ဘယ်လိုလုပ်ခွင့်ပေးမယ်ဆိုတာ သေချာမသိရသေးပါဘူး။ ဆက်သွယ်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲဖို့အတွက် နိုင်ငံတကာက ပညာရှင်တွေဆီက အကြံဉာဏ်တွေရယူပြီး လုပ်ဆောင်နေတာဖြစ်တဲ့အတွက် အခုပြုလုပ်မယ့် အစီအစဉ်တွေက အကောင်းဆုံးတွေဖြစ်လာမှာပါ” ဟု မိုဘိုင်းကျွမ်းကျင် ပညာရှင်တစ်ဦးကပြောသည်။ အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရှိသူများကို နိုင်ငံတကာသို့ တိုက်ရိုက်ချိတ်ဆက်ခေါ်ဆိုမှုများအတွက် သတ်မှတ်ချက် အသေးစိတ်များကို ဆက်သွယ်ရေးဥပဒေ ပေါ်ပေါက်လာမှသာ သိရှိနိုင်မည်ဖြစ်သည်။
ရေးသားသူ -ကိုဟိန်း
Internet Journal

No comments:

Post a Comment