Friday, October 5, 2012

ကာတာလေကြောင်းလိုင်း ပြန်လည်ပြေးဆွဲနေ

လေးနှစ်ခန့် လေကြောင်းပျံသန်းမှုရပ်နားထားသော ကာတာလေကြောင်းလိုင်းမှာ အောက်တိုဘာလ အတွင်း မြန်မာနိုင်ငံသို့ ပုံမှန်ခရီးစဉ်များ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။
 
ကာတာလေကြောင်းလိုင်း၏ ပထမဆုံး ဒိုဟာ-ရန်ကုန် တိုက်ရိုက်ခရီးစဉ်ဖြစ်သည့် QR 618 လေယာဉ်သည်   အောက်တိုဘာလ (၄)ရက်နေ့ နံနက်(၇)နာရီခန့်က ရန်ကုန်မြို့သို့ ဆိုက်ရောက် ခဲ့သည်။
 
နှစ်နိုင်ငံသဘောတူညီချက်အရ တစ်ပတ်လျှင်(၁၄)ကြိမ် ပျံသန်းရန် သဘောတူညီထားပြီး စတင်ပြေးဆွဲမည့် အောက်တိုဘာ(၃) ရက်မှ(၂၈)ရက်ထိကိုမူ တစ်ပတ်လျှင် (၃)ခေါက် ပျံသန်း မည်ဖြစ်သည်။
 
ကာတာလေကြောင်းလိုင်းမှ တာဝန်ရှိသူများသည် မေလ (၉) ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်၍ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်နှင့် တွေ့ဆုံခဲ့ကြောင်းသိရှိသည်။
 
 ကာလကြာမြင့်စွာ လေကြောင်းပျံသန်းမှု ရပ်နားထားသည့် ကာတာလေကြောင်းသည် (၄)နှစ် အကြာရပ်နားပြီးနောက် ပထမဦးဆုံး အောက်တိုဘာလ(၃)ရက်နေ့က စတင်ပြန်လည် ပြေးဆွဲနေပြီ ဖြစ်သည်။
 
 ရန်ကုန်က ဟိုတယ်ခတွေ ဈေးအရမ်းမြင့်လာတဲ့အတွက်၊ ခရီးသွားဦးရေနည်းပါးသွားတဲ့အတွက် အဆင်မပြေလို့ ပြန်သိမ်းလိုက်တယ် ကြားတယ်။ လက်ရှိကတော့ ခရီးသည်က europe က ခရီးသည်တွေများတယ်။ အခြေအနေကတော့ အခုထိကတော့ ခရီးသည်ဦးရေ အသင့်အတင့်ပါပဲ။ နှစ်ဖက် အဆင်ပြေမပြေကတော့ ကြာမှပဲ သိရမှာလေဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
 
အရှေ့အလယ်ပိုင်းအခြေစိုက် ကာတာလေကြောင်းလိုင်း၏ မြန်မာနိုင်ငံသို့ ပြန်လည်ပြေးဆွဲခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေနှင့် ကာတာနိုင်ငံသံ အမတ်ကြီးများ တက်ရောက် ဖွင့်လှစ်ခဲ့သည်။
 
ကာတာလေကြောင်းလိုင်းသည် ဒိုဟာ - ရန်ကုန် - ဒိုဟာခရီးစဉ်အား ၂၀၀၅ ခုနှစ် ဇန်န၀ါရီ ၈ ရက်မှ ၂၀၀၈ ဇန်န၀ါရီ ၂၀ ရက်အထိ တစ်ပတ်လျှင် လေးကြိမ်ပျံသန်းခဲ့ပြီး ဥရောပမှ မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအများဆုံးစီးနင်းခဲ့ကြောင်းကိုလည်း သိရသည်။
မြတ်မိုးကျော်(မြစ်မခ) 

No comments:

Post a Comment