Tuesday, October 16, 2012

ရန်ကုန်မြို့ဧရိယာ မြေဧကလေးသောင်းတိုးချဲ့ရန် သမ္မတခွင့်ပြု

ရန်ကုန်မြို့တော် တိုးချဲ့ရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က မြေဧ ကလေးသောင်းကို စက်တင်ဘာ ၁၄ ရက်တွင် ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မီ အကြံပေး မြို့ပြဆောက် လုပ်ရေးပညာရှင် ဒေါက်တာကျော်လတ်ကပြောသည်။ အဆိုပါကိစ္စနှင့်ပတ် သက်၍ ဆက်လက်မေးမြန်းရာ "အခုနေပြောရင် မြေဈေးတွေတက်သွား
မှာစိုးလို့ နှစ်ပတ်လောက်နေမှ ရှင်းပြပါမယ်" ဟု ဒေါက်တာကျော်လတ်ကဆိုသည်။ သို့သော် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီကြီးများကမူ ရန်ကုန်မြို့တစ်ဖက်ကမ်းဖြစ်သော ဒလနှင့် ကြည့်မြင်တိုင်တစ်ဖက်ကမ်းတို့တွင် တိုးချဲ့နိုင်ကြောင်း ခန့်မှန်းပြောဆိုကြသည်။ ယခု လျာထားသည့် မြေဧကလေးသောင်းမှာ နှစ် ၃၀ စီမံကိန်းဖြစ်ကြောင်းဖြင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက စက်တင်ဘာ ၁၄ ရက်တွင်ပြုလုပ်သော မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း နှစ်ပတ်လည်ပွဲ၌ ပြောကြားခဲ့သည်။ "ကြားတာကတော့ များတယ်။ နောက်ဆုံးကြားတာတော့ လှိုင်သာယာလည်းပါတယ်။ မရမ်းကုန်း၊ ဒဂုံအရှေ့၊ ဒလနဲ့ ကွမ်းခြံကုန်းတို့လည်းပါတယ်" ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦးကပြောသည်။ အဆိုပါသတင်းများကြောင့် ယခုရက်ပိုင်းတွင် ထိုမြို့နယ်များရှိ မြေဈေးများမှာ မြင့်တက်လာကြောင်း ဦးသန်းဦးကဆိုသည်။ ရန်ကုန်မြို့ တစ်ဖက်ကမ်းတွင်ရှိသော သီလ၀ါရေနက်ဆိပ်ကမ်း၌ အထူးစီးပွားရေးဇုန်တည်ဆောက်ရန် ဧကခြောက်ထောင်လျာထားပြီး ၂၀၁၃ ခုနှစ်တွင် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောက်ရွက်မည်ဖြစ်သည်။ သြဂုတ်လ ၁၃ ရက်က ပြုလုပ်သော စီမံကိန်းကော်မရှင် အစည်းအဝေးတွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၏ City Plan များကို လေ့လာဆွေးနွေး အကောင်အထည်ဖော်သွားရန် ညွှန်ကြားခဲ့သည်။ 
7 Days News

No comments:

Post a Comment