Friday, October 19, 2012

ဒေါ့တ်မန်တွင် ကလော့ပ် အောင်မြင်ခဲ့သကဲ့သို့ လီဗာပူးလ်တွင် ရော့ဂျာ စွမ်းဆောင်ပြရန် ဆာဟင်မျှော်လင့်

လီဗာပူးလ်တွင် အငှားလာကစားသည့် ဆာဟင်

လီဗာပူးလ် အသင်း မန်နေဂျာ ဘရန်ဒန် ရော့ဂျာ အနေဖြင့် ဘိုရပ်ရှား ဒေါ့တ်မန် မန်နေဂျာ ဂျာဂင်ကလော့ပ် ကဲ့သို့ပင် အသင်းကို အောင်မြင်အောင် စွမ်းဆောင် နိုင်မည်ဟု နျူရီဆာဟင်က သုံးသပ်ခဲ့သည်။
အသက်(၂၄)နှစ်ရှိ ဆာဟင်သည် ဒေါ့တ်မန်တွင် ကလော့ပ်နှင့် လက်တွဲကာ ဂျာမန် ချန်ပီယံ ဖြစ်လာအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည်။ တူရကီ လက်ရွေးစင် ဆာဟင်က ကလော့ပ်နှင့် ရော့ဂျာတို့၏ အသင်းသစ် များကို ထူထောင်ရသည့် အခြေအနေမှာ တူညီနေပြီး ရော့ဂျာသည်လည်း ကလော့၏ လမ်းစဉ်ကို လိုက်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသွားသည်။ အသက်(၄၅)နှစ်ရှိ ကလော့ပ်သည် ဒေါ့တ်မန်ကို (၂၀၁၁)ခုနှစ်တွင် ဂျာမန် ချန်ပီယံ ဖြစ်လာ စေသလို (၂၀၁၂)ခုနှစ်တွင်လည်း အမှတ်ပေး ချန်ပီယံ ဆုရော၊ ရှုံးထွက် ဖလားပါ သိမ်းပိုက်ကာ ပြည်တွင်း ဘောလုံး လောကအား ဘိုင်ယန်မြူးနစ် ကြီးစိုးထားခြင်းကို တွန်းလှန်ပြခဲ့သည်။
ရီးယဲလ်မက်ဒရစ်မှ အန်းဖီးလ်သို့ အငှား လာကစားနေသည့် ဆာဟင်က "လီဗာပူးလ် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ကတော့ အချိန်ယူဖို့ လိုနေဆဲပါ။ ကလော့ပ်တုန်းကလည်း ဒေါ့တ်မန်ကို ရောက်လာပြီး အများကြီး ပြောင်းလဲ ပစ်ခဲ့ရတယ်။ အဲဒီတုန်းက အသင်းမှာ ချန်ပီယံ ဖြစ်နိုင်လောက်တဲ့ စုဖွဲ့မှုမျိုး မရှိခဲ့ပါဘူး။ ကလော့ပ်က သူ့ရဲ့ ကိုယ်ပိုင် အတွေးအခေါ်ကို ယူလာတယ်။ ကျွန်တော်တို့က လိုက်နာခဲ့တယ်။ ရော့ဂျာရဲ့ အခြေအနေကလည်း ကလော့ပ်ရဲ့ ဒေါ့တ်မန်ကို ရောက်စ နေ့တွေနဲ့ တူညီပါတယ်။ နောက်ပြီး သူကလည်း ကစားသမားတွေကို လွှမ်းမိုးနိုင်သူ တစ်ယောက်ပါ။ အတိုင်းအတာ တစ်ခုထိ အချိန် ယူပြီးရင် လီဗာပူးလ်ကို အောင်မြင်မှုတွေဆီ သယ်ဆောင် လာပေးနိုင်မယ် ထင်ပါတယ်" ဟု ပြောကြားသွားသည်။

လတ်တလောတွင် လီဗာပူးလ်သည် ပရီးမီးယားလိဂ် (၇)ပွဲ ကစားပြီးနောက် (၁)ပွဲသာ အနိုင်ရကာ အမှတ်ပေး ဇယား အဆင့်(၁၄) နေရာတွင် ရပ်တည်လျှက် ရှိသည်။  
Ref: Goal
soccer myanmar

No comments:

Post a Comment