Saturday, October 6, 2012

အချဉ်ရည်များအား ပထမဆုံးအကြိမ် ဓာတ်ခွဲစမ်းသပ်တော့မည်

ဈေးကွက်တွင်းရှိ အချဉ်ရည်များအား  ထုတ်ကုန်အမှတ်၊ ထုတ်လုပ်လိပ်စာများမပါရှိခြင်းနှင့် စားသောက်ကုန်နှင့် ကွပ်ကဲရေးဌာန FDA ၏ ထောက်ခံချက်ရရှိထားမူ မရှိခြင်းတို့ကြောင့် ပထမဆုံး ဓာတ်ခွဲစမ်းသပ်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေး အသင်းမှ သိရှိရသည်။
 
"အချဉ်ရည်ထုတ်လုပ်တဲ့ လုပ်ငန်းလိပ်စာလည်း မပါဘူး။ ကုန်ပစ္စည်းထုတ်လုပ်တဲ့ရက်စွဲ၊ ကုန်ဆုံးရက် လည်း မပါဘူး၊ အထဲမှာ ပါတဲ့ကုန်ပစ္စည်းအမည်တွေ နောက် FDA ရဲ့ ထောက်ခံချက် လည်းမပါဘူး ဒါကြောင့် မစားသုံးသင့်ပါဘူး။ ဒါတွေအတွက် စစ်ဆေးမူတွေ ဆောင်ရွက်နေတယ်"ဟု စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က ပြောသည်။

အချဉ်ရည်အတွင်း၌ တားမြစ်ဆိုးဆေး၊ တာရှည်ခံဆေးများ ပါဝင်ကြောင်း၊ ဈေးကွက်တွင်း ဈေးပေါစွာရောင်းချနိုင် ရန် ရောစပ်ရှာလကာရည်အစား အက်ဆစ်ပြင်းများ အစားထိုးသုံးစွဲထားခြင်း များရှိကြောင်း အချဉ်ရည်ထုတ်လုပ်မှုအား ကိုယ်တိုင်မြင်တွေ့ရသူများထံက သိရှိရသည်။
 
"အချဉ်ရည်က ရှာလကာရည်နဲ့ ဖျော်စပ်ရတယ်။ ရှာလကာရည်များများထည့်ရမယ့်အစား ဆာလဖျူရစ်အက်ဆစ်ပြင်းနည်းနည်းကို ထည့်သုံးကြတယ်။ အက်ဆစ်ဆိုတာက ဘထ္ထရီအိုးထဲ ထည့်ရတာလေ။ အချဉ်ရည်ထုတ်တွေ ကို ဈေးပေါပေါနဲ့ရောင်းလို့ရအောင်ကြံဖန် လုပ်ကြတယ်"ဟု  စားသောက်ကုန်ထုတ်သင်တန်းဆရာတစ်ဦးက အချဉ်ရည်ထုတ်လုပ်သည့်လုပ်ငန်းတစ်ခုတွင် ၄င်း၏ ကိုယ်တိုင်မြင်တွေ့ခဲ့ရမှုကိုအခြေခံ၍  ပြောသည်။
 
H2SO4 ဆာလဖျူရစ်အက်ဆစ်ပြင်းနှင့် တားမြစ်ဆိုးဆေးများစားသုံးမိပါက ၀မ်းကိုက်/၀မ်းပျက်/ ၀မ်းလျော ရောဂါ၊ အစာအိမ်ရောင်ရမ်းခြင်း၊ အူရောင်ခြင်း၊ အသဲရောင်ရမ်းခြင်းဝေဒနာများ ခံစားရမူများရှိလာနိုင်ပြီး နောက်ဆက်တွဲအနေဖြင့် အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အသဲကင်ဆာများဖြစ်ပေါ်လာနိုင်ကြောင်း ဆရာဝန်များက သုံးသပ်ပြောဆိုကြသည်။
 
"အချဉ်ရည်ကိုများသောအားဖြင့် မစားသုံးသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီထည့်မှာပါတဲ့ ဆိုးဆေးတွေက ၀မ်းပျက် ၀မ်းလျော ဖြစ်လွယ်တယ်။ ကျောက်ကပ်တွေကို ထိခိုက်စေနိုင်တယ်။ ဘီပိုး၊ စီပိုး ကုသနေတဲ့သူတွေနဲ့ အသည်းမှာ ဆီဖုံးနေတဲ့သူတွေကလည်း စားသုံးမိမယ်ဆိုရင် ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်"ဟု အာဟာရဆိုင်ရာ အထူးကုဆရာ ၀န်ကြီး ဒေါ်ဝင်းဝင်းမြင့်က သုံးသပ်သည်။

အချဉ်စားသုံးမည်ဆိုပါက သဘာဝစားပင်များမှရရှိသော မန်ကျည်းမှည့်၊ ငြုပ်သီး၊ ကြက်သွန်ဖြူ၊ ချင်းတို့ဖြင့် သန့်ရှင်းစွာပြုလုပ် စားသုံးသင့်ကြောင်း ၄င်းမှ ဆက်လက် အကြုံပြုပြောဆိုသည်။
 
"အချဉ်ရေ (ဆော့)ထုတ်တွေကို ရေနွေးနဲ့ ကြိုချက်ပြီး ငံပြာရည်၊ ဟင်းခတ်မှုန့်တို့နဲ့ ရောစပ်ပြီး လုပ်ထားလိုက်တယ်။ ဒါပေမယ့် စားသုံးသူတွေကလည်း ကြိုက်ကြတယ်။ ကျွန်တော့ဆိုင်က အချဉ်ရေစားလို့  ဗိုက်နာတယ်၊ ၀မ်းကိုက်တယ်၊ ၀မ်းလျောတယ်လို့တော့ မကြားမိပါဘူး"ဟု အင်းစိန်မြို့နယ်မှ ၀က်သားတုတ်ထိုးဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။
 
လက်ရှိတွင် စားသုံးသူကာကွယ်ရေး ကုန်ပစ္စည်းအရည်အသွေးစစ်ဆေးရေးကော်မတီ၊ ဓာတု ဗေဒပညာရှင်များမှ အချဉ်ရည် ၃-၄မျိုးအား ဓာတ်ခွဲစစ်ဆေးမူများပြုလုပ်လျှက်ရှိပြီး ရရှိသော စစ်ဆေးချက်ရလဒ်များကို သတင်းထုတ်ပြန်သွားမည်ဖြစ်သည်။
သန့်ဇင်ဝင်း (မြစ်မခ)

No comments:

Post a Comment