Thursday, October 25, 2012
စောင့်ကြည့်လေ့လာရေး မောင်းသူမဲ့ယာဉ်များ အနောက်အာဖရိက်သို့ ပြင်သစ်စေလွှတ်မည်
ပြင်သစ်နိုင်ငံသည် အနောက်အာဖရိကသို့ လေ့လာစောင့်ကြည့်နိုင်ရန်အတွက် မောင်းသူမဲ့လေယာဉ်များကို စလွှတ်သွားမည်ဟု ယခုသီတင်းပတ်အတွင်း ပဲရစ်မြို့တွင် အမေရိကန် အရာရှိကြီးများနှင့် ပြုလုပ်ခဲ့သော တံခါးပိတ်ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြသည်။ ပဲရစ်မြို့တွင် အောက်တိုဘာ ၂၂ ရက်နှင့် ၂၃ ရက်၌ ပြုလုပ်ခဲ့သည့် နှစ်ရက်ကြာ ဆွေးနွေးပွဲတွင် အမေရိကန် ထိပ်တန်းအရာရှိများ၊ ပြင်သစ်စစ်ဘက် အရာရှိကြီးများနှင့် သံတမန်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ အဓိက အကြောင်းအရင်းမှာ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်မှုရှိနေသော မာလီနိုင်ငံကို စောင့်ကြည့်ရေးနှင့် အင်အားလျော့နည်းနေသော မာလီအစိုးရကို အကူအညီ ပေးနိုင်ရေးတို့အတွက် ရည်ရွယ်ကြောင်း သိရသည်။ သို့ရာတွင် အနောက်နိုင်ငံအချို့သည် မာလီနိုင်ငံနှင့် ရှာအယ်လ်ဒေသတို့သည် အာဖဂန်နစ္စတန်နိုင်ငံကဲ့သို့ စစ်ဒဏ်ကို မချိမဆန့်ခံစားရမည့် နိုင်ငံတစ်နိုင်ငံဖြစ်လာမည်ကို စိုးရိမ်လျက်ရှိနေကြသည်။ ထို့ကြောင့် ပြင်သစ်နိုင်ငံအနေဖြင့် အနောက် အာဖရိကကို လေ့လာစောင့်ကြည့်ရေး လေ ယာဉ်များ စေလွှတ်နိုင်ရန်နှင့် မာလီနိုင်ငံ တစ်လျှောက်၌ အထူးတပ်ဖွဲ့များ ချထားရန်တို့ကို စီစဉ်ရန်အတွက် အမေရိကန်အရာရှိကြီးများနှင့် တိုင်ပင်ဆွေးနွေး လျက်ရှိကြောင်း ပြင်သစ်ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။
khitlunge

No comments:
Post a Comment