Monday, October 1, 2012

စပိန်အရှေ့တောင်ပိုင်းတွင် ရေလွှမ်းမိုးမှုဖြစ်ပွား၊ ၁၀ ဦးသေဆုံး


စပိန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် လွန်ခဲ့သော ၄၈ နာရီကျော်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေလျှံမှုများ ဖြစ်ပေါ်လာသဖြင့် သေဆုံးသူ ၁၀ ဦးရှိကြောင်း စက်တင်ဘာ ၃၀ ရက် သတင်းတွင် ဖော်ပြသည်။ ရေလွှမ်းမိုးမှုကြောင့် အရှေ့ဘက်ကမ်းခြေရှိ အမြန်လမ်းမကြီးမှ တံတားတစ်စင်း ပြိုကျရာ မာဆီယာ လူနေရပ်ကွက်နေ ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦး အပါအ၀င် လူ ငါးဦးသေဆုံးသည်။ စက်တင်ဘာ ၂၉ ရက်က လော်ကာမြို့အနီးတွင် ရေစီးနှင့် မျောပါခံရမှုကြောင့် တစ်ဦးသေဆုံးသည်။ အယ်လ်မီရာပြည်နယ်ရှိ စည်ပင်သာယာ နယ်နိမိတ်ဖြစ်သော ဂူယာဇာမာရာဒီကျူဘတ်စ် ဒဲလ်အယ်မန်ဇိုရာဒေသတွင် ရေလွှမ်းမိုးမှုကြောင့် နစ်မြုပ်သွားသော ကားတစ်စီးအတွင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပိတ်မိကာ သေဆုံးသည်။ ယင်းပြည်နယ်၌ပင် နောက်ထပ်သေဆုံးသူနှစ်ဦးရှိကြောင်း တစ်ဦးမှာ အသက် ၆၀ အရွယ်ရှိ အမျိုးသားဖြစ်ပြီး နှလုံးရောဂါကြောင့် နှလုံးဖောက်ပြန်မှုဖြစ်ပွားကြောင်း၊ ၄င်းအား ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ရေး လုပ်နေစဉ် အသက်ဆုံးရှုံးသွားကြောင်း ရေလွှမ်းမိုးမှုကြောင့် နေအိမ်များပါ ပျက်စီးဆုံးရှုံးရကြောင်း သတင်းတွင် ဖော်ပြသည်။ ၄င်းပြင် စပိန်နိုင်ငံမြို့တစ်မြို့၌ ကျင်းပနေသော ပျော်ပွဲရွှင်ပွဲ တစ်ခုအတွင်းသို့ လေဆင်နှာမောင်း ၀င်ရောက်တိုက်ခိုက်ရာ ချားရဟတ်တစ်ခု ပြုတ်ကျပျက်စီးသွားပြီး ၃၅ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
khitlunge

No comments:

Post a Comment