Wednesday, October 31, 2012
အာရှရေပိုင်နက်တွင် လွတ်လပ်စွာသွားလာခွင့်ကို စောင့်ကြပ်ကာကွယ် သွားမည်ဟု အမေရိကန်ကြေညာ
အာရှဒေသတွင် အမေရိကန်ရေတပ် ချထားခြင်းမှာ ပင်လယ်ရေကြောင်း လွတ်လပ်စွာ သွားလာခွင့်ကို စောင့်ကြပ်ကာကွယ်ရာတွင် ကူညီပေးနိုင်မည်ဖြစ်ကြောင်း အမေရိကန် လေယာဉ်တင်သင်္ဘော USS George Washington ၏ တပ်မှူးက အောက်တိုဘာလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ အာရှဒေသတွင်း ဖြစ်ပေါ်နေသော ရေပိုင်နက် အငြင်းပွားမှုပြဿနာတွင် အမေရိကန်သည် ဘက်လိုက်ပါဝင်မည် မဟုတ်ကြောင်း၊ ရေလမ်းကြောင်းများ လွတ်လပ်စွာ သွားလာခွင့်အတွက် တိတိကျကျ ရပ်တည်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့သို့ ယင်းသင်္ဘောရောက်ရှိစဉ် ရေတပ်ဗိုလ်မှူးကြီး ဂရီဂိုရီဖန်တွန်က ပြောကြားခဲ့သည်။ ဖိလစ်ပိုင်သို့ အမေရိကန် လေယာဉ်တင်သင်္ဘော လာရောက်မှုမှာ ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပြီး မဟာမိတ်ဖိလစ်ပိုင်နှင့် တရုတ်တို့အကြား တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းစုပြဿနာနှင့် မပတ်သက်ကြောင်း ပြောကြားခဲ့သည်။ ယင်းလေယာဉ်တင်သင်္ဘောကို ဂျပန်တွင် အခြေစိုက် တပ်စွဲထားကြောင်း သိရသည်။ ရေပိုင်နက် အငြင်းပွားမှုပြဿနာတွင် ပါဝင်သော နိုင်ငံများအနေဖြင့် သံတမန် နည်းလမ်းဖြင့် ဖြေရှင်း လိမ့်မည်ဟု မျော်လင့်ကြောင်း ဖန်တွန်က ဆိုသည်။ ဖိလစ်ပိုင်နှင့် တရုတ်တို့သည် တောင်တရုတ်ပင်လယ်ရှိ Scar-borough သဲသောင်ခုံနှင့်ပတ်သက်ပြီး ဧပြီလတွင် တင်းမာမှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
khitlunge

No comments:
Post a Comment