Thursday, October 25, 2012

ချန်ပီယံလိဂ် ပွဲဦးထွက် အတွေ့အကြုံအတွက် ဘတ္တနာ ပျော်ရွှင်နေ


ချန်ပီယံလိဂ်တွင် ပထမဆုံး အကြိမ် ကစားခွင့် ရခဲ့သည့် အတွေ့အကြုံအတွက် ပျော်ရွှင်မိကြောင်း မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး အလက်ဇန္ဒား ဘတ္တနာက ပြောကြားလိုက်သည်။
နယ်သာလန် ဘယ်နောက်ခံ ကစားသမားသည် ဗီတက်ဆီ အမ်ဟမ်း အသင်းထံမှ နွေရာသီတွင် ပြောင်းရွှေ့လာပြီးနောက် မန်ယူက အိုးလ်ထရက်ဖို့ဒ်တွင် စပို့တင်း ဘရာဂါအား (၃-၂)ဖြင့် အနိုင်ရသည့် ပွဲစဉ်၌ ပါဝင်ခဲ့သည်။ ယင်းသည် ဘတ္တနာ၏ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ တစ်လျှောက်လုံး ပထမဆုံး ချန်ပီယံလိဂ် ကစားခွင့်လည်း ဖြစ်လာသည်။ အသက်(၂၃)နှစ်ရှိ ဘတ္တနာက မိမိသည် ယင်းအတွက် ကျေနပ်ကြောင်းနှင့် ချန်ပီယံလိဂ် ကဲ့သို့ အဆင့်မြင့်သော ပြိုင်ပွဲများတွင် ဆက်လက် ကစားနိုင်ရန် မျှော်လင့်ရည်ရွယ်ကြောင်း ဆိုသည်။
ဘတ္တနာက "ချန်ပီယံလိဂ်ဟာ ပိုမြင့်တဲ့ အဆင့်အတန်း တစ်ခုမှာ တည်ရှိနေတာပါ။ ဒါဟာ ဒီပြိုင်ပွဲမှာ ကျွန်တော့်ရဲ့ ပထမဆုံး ပွဲပါပဲ။ ကျွန်တော်ကတော့ ခုလို အဆင့်မြင့်မြင့် ဘောလုံးပွဲတွေမှာ ကစားဖို့ အမြဲတမ်း ဆန္ဒရှိခဲ့တာပါ"ဟု ပြောကြားသွားသည်။ ၎င်းက မန်ယူတွင် နေရာလုဘက်ဖြစ်သော ပက်ထရစ် အီဗရာနှင့် ပတ်သက်၍ "တကယ်လို့ သူကစားနေလည်း အဆင်ပြေပါတယ်။ ကျွန်တော်က သူဘယ်လို ကစားတယ်ဆိုတာ လေ့လာ သင်ယူရုံပေါ့။ လေ့ကျင့်ရေး ကွင်းမှာဆို ကျွန်တော်တို့ချင်း အများကြီး စကားပြောဖြစ်တယ်။ ကျွန်တော်တို့ နေရာတူ ကစားနေပေမယ့် ပြဿနာ မရှိပါဘူး"ဟုလည်း သုံးသပ်သွားခဲ့သည်။ 
soccer myanmar

No comments:

Post a Comment