Friday, October 19, 2012

ဘော်ရီနီ (၃)လ နားရမည့် အခြေအနေကြောင့် တိုက်စစ်မှူး တစ်ဦးသာ ရှိတော့သည့် လီဗာပူးလ်

ဒဏ်ရာကြောင့် (၃)လ အနားယူရမည့် ဘော်ရီနီ

ဖေဘီယို ဘော်ရီနီ (၃)လမျှ အနား ယူရတော့မည် ဆိုသော သတင်းကြောင့် လီဗာပူးလ် အနေဖြင့် တိုက်စစ်မှူး တစ်ဦးတည်းဖြင့် ရှေ့ဆက်ရရန် သေချာသွားပြီ ဖြစ်သည်။
မန်နေဂျာ ဘရန်ဒန် ရော့ဂျာ အနေဖြင့် ယခုအခါ ရှေ့တန်းနေရာ အတွက် အတွေ့အကြုံရင့် ကစားသမားအဖြစ် ဥရုဂွေး လက်ရွေးစင် လူးဝစ်ဆွာရက်ဇ် တစ်ဦးသာ လက်ဝယ်ပိုင်ပိုင် ရှိနေသည့် အခြေအနေနှင့် ကြုံလာရသည်။ အီတလီ တိုက်စစ်သမား ဘော်ရီနီသည် အသက်(၂၁)နှစ်အောက် အီတလီအသင်းတွင် လေ့ကျင့်ခန်း ဆင်းနေစဉ် ဒဏ်ရာ ရသွားခဲ့ခြင်း ဖြစ်သည်။ ခြေထောက်တွင် အရိုးစ တစ်ခု ကျိုးသွားသည့်နောက် ဘော်ရီနီမှာ ခွဲစိတ် ကုသမှု ခံယူ ရတော့မည်ဟု သတင်းများက ဖော်ပြခဲ့သည်။
ကလပ် အသင်းက "လီဗာပူးလ် အနေနဲ့ ဘော်ရီနီဟာ ခွဲစိတ် ခံရမယ် ဆိုတာကို အတည်ပြုနိုင်ပါတယ်။ ခြေထောက်က အရိုးတစ်ချောင်း ကျိုးအက် သွားတာကြောင့်ပါ။ ရှေ့တန်းတိုက်စစ် ကစားသမားဟာ အန်းဖီးလ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ကစားကတည်းက ခြေထောက်ရဲ့ အဲဒီ နေရာနားမှာ ဒဏ်ရာနည်းနည်း ရခဲ့ပါတယ်။ နိုင်ငံလက်ရွေးစင် တာဝန်ကို ထမ်းဆောင်နေရင်းနဲ့ နောက်ထပ် ပြဿနာ ထပ်ကြုံပြီးတဲ့နောက် အရိုးကို ထိခိုက်သွားတာ ဖြစ်ပါတယ်။ မဲလ်ဝုဒ်မှာ အသင်းရဲ့ ဆေးအဖွဲ့က ဒဏ်ရာကို စစ်ဆေးပြီးတဲ့နောက် ခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အတွက် ဘော်ရီနီဟာ (၃)လလောက် အနားယူရမှာ ဖြစ်ပါတယ်" ဟု ကြေညာ သွားခဲ့သည်။
ဘော်ရီနီသည် ရိုးမားအသင်းမှ ပေါင်စတာလင် (၁၀.၅)သန်းဖြင့် နွေရာသီက ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ်တွင် ဂိုးမသွင်းနိုင်သေးချေ။ လီဗာပူးလ်သည် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်တွင် နယ်သာလန်ကလပ် PSVအင်ဒိုဗန်မှ အသက်(၁၈)နှစ်အရွယ် ဒတ်ခ်ျ တိုက်စစ်မှူးလေး ဂျာဂန် လိုကာဒီရာကို ကမ်းလှမ်းရန် စဉ်းစားနေကြောင်းလည်း သိရသည်။ ၎င်းသည် ဒတ်ခ်ျလိဂ် ပွဲဦးထွက်အဖြစ် VVVဗန်လိုအသင်းကို (၆-၀)ဖြင့် အနိုင်ရသည့်ပွဲတွင် ဝင်ကစားပြီး (၁၁)မိနစ်အတွင်း Hat-Trickရခဲ့သည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment