Monday, October 22, 2012

ချယ်လ်ဆီးတွင် စစ်မှန်သော Boss ဆို၍ အေဗရာမိုဗစ်ခ်ျ တစ်ဦးတည်းရှိကြောင်း ကာလူး သုံးသပ်

ချယ်လ်ဆီး အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျ

ချယ်လ်ဆီး အသင်း၏ ကစားကွက်ကို ပဲ့ကိုင် ပုံဖော်နေသူသည် မန်နေဂျာ ရောဘတ်တို ဒီမက်တီယို မဟုတ်ဘဲ အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျသာ ဖြစ်ကြောင်း ဆော်လမွန် ကာလူးက ပြောကြားလိုက်သည်။
ပြီးခဲ့သည့် ဘောလုံးရာသီ အကုန်က ချယ်လ်ဆီးကို စွန့်ခွာခဲ့သည့် အိုင်ဗရီကို့စ် လက်ရွေးစင် တိုက်စစ်မှူးက ဒီမက်တီယို အပါအဝင် ချယ်လ်ဆီး မန်နေဂျာများဖြစ်သည့် ကာလို အန်ဆလော့တီ၊ ဖီးလ်စကိုလာရီ၊ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်တို့သာမက နာမည်ကျော် စပယ်ရှယ်ဝမ်း မော်ရင်ဟိုက အစ ချယ်လ်ဆီး၏ အမှန်တကယ် Boss မဟုတ်ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းက ရုရှား ဘီလျံနာ သူဌေးကြီး အေဗရာမိုဗစ်ခ်ျ တစ်ဦးတည်းသာ ချယ်လ်ဆီးကို စိတ်ကြိုက်မောင်းနှင် လည်ပတ်နေပြီး ၎င်းနှင့် အမြင် မတူသူ မည်သူ့အတွက် မဆို အသင်းတွင် နေရာ မရှိကြောင်း ပြောဆိုခဲ့သည်။
ပြင်သစ်ကလပ် လိုင်လီ အသင်းသို့ ပြောင်းရွှေ့ ကစားနေသည့် ကာလူးက "အေဗရာမိုဗစ်ခ်ျမှာ သူ့အမြင်နဲ့သူ ရှိပါတယ်။ သူက ကိစ္စတိုင်းကို ဘယ်လို ဖြစ်စေချင်တယ် ဆိုတာကို သူ့ဖာသာ သိတယ်။ သူ့ဆီမှာ အသင်းကို ငါကိုယ်တိုင် မောင်းနှင်မယ်ဆိုတဲ့ အတွေးမျိုး ရှိပြီးသားပါ။ နောက်ပြီး တစ်ခါတစ်လေကျရင် လူတိုင်းကိ ဒီကိစ္စအားလုံး လုပ်နိုင်တဲ့ တစ်ဦးတည်းသော လူပုဂ္ဂိုလ်က ငါပဲဆိုတာမျိုးလည်း ထုတ်ပြချင်တယ်လေ"ဟု ဆိုသည်။ ၎င်းက ဆက်လက်၍ "ဒီအချက်က တစ်ဖက်မှာလည်း အသုံး ဝင်ပါတယ်။ ချယ်လ်ဆီးလို အသင်းက ထိပ်တန်းအဆင့်မှာ (၈)နှစ် ကြာပြီးပြီ။ ငါတို့ မကြိုးစားလည်း ဖြစ်တယ်။ ငါတို့ ဘယ်လို ပုံစံနဲ့ ကစားကစား ဖြစ်တယ်ဆိုတဲ့ အတွေးမျိုး မဝင်ရဲတော့ဘူးပေါ့" ဟု ထောက်ပြခဲ့သည်။
soccer myanmar

No comments:

Post a Comment