Thursday, October 11, 2012
Grand Royal ဝီစကီနှင့် စပွန်ဆာ စာချုပ်လိုက်သည့် ချယ်လ်ဆီး
ချယ်လ်ဆီး အသင်းသည် မြန်မာနိုင်ငံ အခြေစိုက် အဖျော် ယမကာ လုပ်ငန်း တစ်ခုဖြစ်သော International Beverage Trading Company (IBTC)နှင့် စပွန်ဆာ စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိ ဥရောပ ချန်ပီယံ အသင်းသည် IBTCနှင့် ၎င်းတို့ ထုတ်လုပ်သော Grand Royal ဝီစကီ အမှတ်တံဆိပ်များ၏ လက်တွဲဖော် စပွန်ဆာ လုပ်ငန်းအဖြစ် (၂)နှစ်ကြာ ရပ်တည်မည့် စာချုပ်ကို ချုပ်ဆိုခဲ့သည်။ ယခုသဘောတူ စာချုပ်ကို စပွန်ဆာ အေဂျင်စီ တစ်ခုဖြစ်သော Sports Revolutionက ကြားဝင် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ ယခုစာချုပ်သည် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်း တစ်ခုနှင့် အနောက်ဥရောပမှ ထိပ်တန်း ကလပ်အသင်း တစ်ခုတို့ကြား ပထမဆုံး စီးပွားရေး စာချုပ်မှုလည်း ဖြစ်လာသည်။
Goal.com တွင် ဖော်ပြမှု အရ ချယ်လ်ဆီးသည် မြန်မာနိုင်ငံတွင် (၂၀၁၃-၁၄) ဘောလုံးရာသီကြို ကာလ၌ မြန်မာနိုင်ငံသို့ လာရောက်မည်ဟုလည်း သိရှိရသည်။ Sport Revolutionမှ MDဖြစ်သူ အန်တိုနီ မားကူးက "ခုလိုမျိုး အထင်ကရ စာချုပ် တစ်ခုမှာ ပါဝင် ကူညီခွင့် ရခဲ့တာ ပျော်မိပါတယ်။ Grand Royal ဝီစကီဟာ ဒေသတွင်း ဘောလုံး ပြိုင်ပွဲတွေကို ကာလရှည်ကြာ ထောက်ပံ့မှုတွေ ပေးအပ်ခဲ့ပြီးပါပြီ။ ခုချိန်က အာရှဒေသကို ပျံ့နှံ့ ထိုးဖောက်လာတဲ့ အင်္ဂလန် ပရီးမီးယား လိဂ်မှာ မြှုပ်နှံပြီး လူသိများအောင် ရှေ့ဆက်ဖို့ အချိန်ကောင်း ဖြစ်ပါတယ်။ ဒါဟာ ဒေသတွင်း ဈေးကွက်တွေကိုလည်း သက်ရောက်မှု ရှိစေမှာပါ" ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးသည် IBTCနှင့် စာချုပ်ခဲ့သလို ကာလရှည် လက်တွဲဖော် ဖြစ်ခဲ့သည့် ထိုင်းအခြေစိုက် အဖျော်ယမကာ အမှတ်တံဆိပ် Singha ဘီယာနှင့်လည်း (၂၀၁၇)ခုနှစ်ထိ စပွန်ဆာ စာချုပ် သက်တမ်းတိုးခဲ့ကြောင်း သိရှိရသည်။
soccer myanmar

No comments:
Post a Comment