Thursday, October 25, 2012

PSV လူငယ် ခံစစ် သမားလေး ဘာဇိုအာကို အင်္ဂလန်(၃)သင်း အပြိုင် စိတ်ဝင်စားနေ


PSV အင်ဒိုဗန် အသင်း၏ တက်သစ်စ ကစားသမားလေး ရီချတ်ဒလီ ဘာဇိုအာကို အင်္ဂလန် (၃)သင်း အပြိုင် ချိတ်ဆက်နေကြောင်း သိရှိရသည်။
အသက်(၁၆)နှစ်သာ ရှိသေးသော လူငယ် ခံစစ်သမားလေးအတွက် အာဆင်နယ်နှင့် မန်ချက်စတာ စီးတီးတို့ အတွင်းကြိတ် အားပြိုင်နေချိန်တွင် နယူးကာဆယ်လ် ယူနိုက်တက်ပါ ပါဝင်လာကြောင်း သတင်းများက ဆိုသည်။ သို့သော်လည်း PSVအသင်း အားကစား ဒါရိုက်တာ မာကယ် ဘရန်းစ်က ဘာဇိုအာ အနေဖြင့် လတ်တလောတွင် စွန့်စားမှု မပြုသေးဘဲ ပထမအသင်း ပွဲထွက် ကစားခွင့် သေချာမည့် မိမိတို့ အသင်းတွင်သာ ဆက်ရှိနေသင့်ကြောင်း တိုက်တွန်း ပြောဆိုထားခဲ့သည်။
ဘာဇိုအာသည် PSV၏ ကျောက်မျက်ရိုင်းလေး အဖြစ် တင်စား ခံရသူဖြစ်ပြီး အသင်းလူငယ် စီမံကိန်းက အရောင်တင် ဖော်ထုတ်ပေးခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့် သီတင်းပတ်က အသက်(၁၆)နှစ် ပြည့်ခဲ့သည့်နောက် PSVက (၃)နှစ် သက်တမ်းရှိ ပရော်ဖက်ရှင်နယ် စာချုပ်ကို ကမ်းလှမ်းခဲ့သည်။ ၎င်းကို အင်္ဂလန် ကလပ်များအပြင် စပိန်နှင့် အီတလီ အသင်းအချို့ကလည်း စောင့်ကြည့်နေသည်။ ဘရန်းစ်က "ကျွန်တော်တို့ ဘာဇိုအာကို ပရော်ဖက်ရှင်နယ် စာချုပ်တစ်ရပ် ကမ်းလှမ်းထားပါတယ်။ ကျွန်တော် သူ့မိသားစုနဲ့ရော၊ ချာတိတ်နဲ့ရော အပြင် အေးဂျင့်နဲ့ပါ စကားပြောထားပါတယ်။ ကောင်းမွန်တဲ့ အဖြေမျိုး ပြန်ရဖို့လည်း မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
နယ်သာလန်တွင် အသက်(၁၈)နှစ်အောက် ကစားသမားများ အတွက် စာချုပ်ကို (၃)နှစ်ထက် ပိုမိုချုပ်ဆိုရန် ခွင့်မပြုချေ။ ဘရန်းစ်က လတ်တလောတွင် အင်္ဂလန်ကို မျှော်ကြည့်ပါက ဘာဇိုအာ အတွက် စွန့်စားလွန်းရာ ကျလိမ့်မည်ဟု သတိပေးခဲ့သည်။ "အင်္ဂလန်မှာ ပွဲထွက်နေရာကနေ သူကစားခွင့်ရဖို့ မလွယ်ပါဘူး။ နယ်သာလန်က ချာတိတ်လေးတွေ တော်တော်များများ အင်္ဂလန် ရောက်သွားပြီး ကစားခွင့် မရခဲ့တာကို သတိထားရပါမယ်။ အက်ဒွင် ဗန်ဒါဆား၊ ယပ်စတမ်း၊ ဒင်းနစ်ဘားကမ့်တို့ အားလုံးဟာ ကစားသမားဘဝ ရင့်ကျက်မှ အင်္ဂလန်ကို ရောက်ပြီး အောင်မြင်ခဲ့တာပါ"ဟုလည်း ဘရန်းစ်က ထောက်ပြသွားသည်။
Ref: Goal
soccer myanmar

No comments:

Post a Comment