Thursday, October 25, 2012

Sim Card ထည့်သွင်းအသုံးပြု၍ရသော Tablet များ အရောင်းသွက်နေ

ပြည်တွင်းTablet ဈေးကွက်အတွင်း GSM Sim Card ထည့်သွင်းအသုံးပြုနိုင်သည့် Tablet များ ရောင်းအားကောင်း လျှက်ရှိကြောင်း Tablet အရောင်းဆိုင်များက သိရှိရသည်။
 
ဈေးကွက်ထဲတွင် ယခင် Notebook များ ရောင်းအားကောင်းနေသော်လည်း ယခု Netbook တွေလည်း သူ့ဈေးကွက်နှင့်သူ ရှိနေပြီး Tablet  များမှာ ရောင်းအားတက်လာခြင်းဖြစ်သည်။
 
 ဈေးကွက်အတွင်း၌ Samsung, Lenovo, HTC အမှတ်တံဆိပ် Tablet များအပြင် အခြားတရုတ်ဘက်မှ ၀င်ရောက် လာသော Tablet များကို တင်သွင်းရောင်းချလျက်ရှိပြီး ဈေးနှုန်းအနေဖြင့် ကွာခြားမှုသိပ်မရှိကြောင်း ယုဇနပလာဇာမှ Tablet အရောင်းဆိုင်က သိရသည်။
 
“လူငယ်တွေသာမက ရုံးလုပ်ငန်းမှာ ရုံးသမားတွေလည်း ဈေးနှုန်းသင့်တင့်တဲ့ Tabletတွေကို ၀ယ်ကြတယ်။ GSM ကဒ်ထည့်သွင်း အသုံးပြုလို့ရတဲ့ Tabletတွေ သာမက ကဒ်ထည့်သွင်းပြီး သုံးလို့မရတဲ့ ရိုးရိုး Tablet တွေ လည်းရှိတယ်။ ဒါပေမယ့် GSM ကဒ်ထည့်သွင်းအသုံးပြုလို့ရတဲ့ Tablet တွေကို ပိုပြီးဝယ်ကြတယ်။” ဟု လက်ကား ရောင်းချနေသော မင်္ဂလာဈေးအတွင်းရှိ  Tablet အရောင်းဆိုင်နှင့် ဖုန်းအရောင်းဆိုင်မှ မသူဇာက ပြောသည်။
 
  မြို့တွင်း၌ အသုံးပြုရုံမျှမက နယ်မြို့များ၌လည်း Tablet များကို အသုံးပြုလာကြောင်း ဈေးကွက်အတွင်းက သိရသည်။
 
“အာမခံပါရှိတဲ့ အမှတ် တံဆိပ်တွေကို ပိုပြီးဝယ်ကြတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
 
 ရန်ကုန် ဈေးကွက်အတွင်း ကျပ် (၈၀၀၀၀) ၀န်းကျင်မှ ကျပ် (၂၀၀,၀၀၀) ကျော် ၀န်းကျင်တန်ဖိုးရှိ Tablet များ ၀င်ရောက်လျက်ရှိပြီး ကျပ် (၁၅၀,၀၀၀) ၀န်းကျင်ရှိ GSM Sim Card  ထည့်သွင်းအသုံးပြုနိုင်သည့် Tablet များမှာ အရောင်းသွက်လျှက်ရှိသည်။

 ရန်ကုန်မြို့တွင် Wifi အင်တာနက်စနစ် အသုံးပြုခွင့်ပေးသည့် လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ ယခုနှစ် တွင် ပိုမိုများပြားလာလျက်ရှိပြီး Wifi အင်တာနက်စနစ်ပိုမိုကျယ်ပြန့်လာသောကြောင့် Tabletနှင့် အင်တာနက် အသုံးပြုသူများလာခြင်းဖြစ်သည်ဟု ဈေးကွက်အတွင်းက စုံစမ်းသိရှိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)

No comments:

Post a Comment