Thursday, November 22, 2012

ပုံစံကောင်း ပြန်ရလာသော်လည်း ဝီလ်ရှိုင်းယားကို ထိန်းထိန်းသိမ်းသိမ်း သုံးစွဲ နေဦးမည်ဟု ဝင်းဂါးဆို

ပုံမှန် ခြေစွမ်းပြရလာသည့် ၀ီလ်ရှိုင်းယား

ဂျက်ဝီလ်ရှိုင်းယား အနေဖြင့် အကောင်းဆုံး ပုံစံ တစ်စထက်တစ်စ ပြန်ရလာနေပြီ ဖြစ်သည့်တိုင် ၎င်းကို အလွန်အကျွံ ရုန်းကန် ကစားစေမည် မဟုတ်ဟု အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ပြောကြားလိုက်သည်။
ပြင်သစ်သား မန်နေဂျာကြီးက ဒဏ်ရာများကြောင့် နှစ်နှင့်ချီ မကစားနိုင်ဘဲ အနားယူခဲ့ရသော ၎င်း၏ လူငယ် ကွင်းလယ် ကစားသမားကို အကာအကွယ် ပေးသွားမည်ဟု ဆိုသည်။ ဝီလ်ရှိုင်းယားသည် ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ပြင်သစ် ချန်ပီယံ မွန့်ပယ်လီယေး အသင်းကို အနိုင်ရခဲ့ရာတွင် အသင်းအတွက် (၁)ဂိုး သွင်းယူပေးခဲ့သည်။ အဆိုပါ ဂိုးသည် အင်္ဂလန် လက်ရွေးစင် ကစားသမားအတွက် (၇၂၅)ရက်အတွင်း အာဆင်နယ်အတွက် ပထမဆုံး ရယူပေးနိုင်သည့် သွင်းဂိုးလည်း ဖြစ်လာခဲ့သည်။
ဝင်းဂါးက "တော့တင်ဟမ် ဟော့စပါးနဲ့ ပွဲတုန်းက မိနစ်(၆၀)လောက် အရောက်မှာ ဝီလ်ရှိုင်းယားဟာ ကစားအား ကျဆင်းသွားခဲ့တယ်။ မွန့်ပယ်လီယေးနဲ့ ပွဲမှာတော့ အဲဒီလို ဖြစ်ခဲ့တယ်လို့ ကျွန်တော် မခံစားရတော့ဘူး။ အကောင်းဆုံး ပုံစံ ပြန်ရဖို့ ဝီလ်ရှိုင်းယားအတွက် ဘယ်လောက်မှ မလိုတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော် သူ့ကို ထိန်းထိန်းသိမ်းသိမ်းပဲ သုံးစွဲနေဦးမှာ ဖြစ်ပါတယ်။ ဝီလ်ရှိုင်းယားဟာ ခုပွဲမှာ အစပိုင်း နည်းနည်း ခက်ခဲနေပုံပါ။ ဂိုးသွင်းပြီးတဲ့ အချိန်မှာတော့ တော်တော်လေး ယုံကြည်မှု ရသွားတဲ့ ပုံစံပါပဲ"ဟု ပြောကြားခဲ့သည်။
ဝီလ်ရှိုင်းယားသည် ယခုဂိုးကို အာဆင်နယ် ကစားသမား ဘဝတွင် တတိယမြောက် အဖြစ် သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဝင်းဂါးက "ဝီလ်ရှိုင်းယားအတွက် ဂိုးတွေ အများကြီး သွင်းနေရမယ်ဆိုတဲ့ စိတ်မျိုးရှိဖို့ မလိုပါဘူး။ သူဟာ ခုပွဲမှာ ခံစစ်ကိုလည်း အကောင်းဆုံး ကူညီနိုင်ခဲ့တယ်။ ပြီးပြည့်စုံတဲ့ ကွင်းလယ်လူ တစ်ယောက်ဟာ တိုက်စစ်သမား ဖြစ်နေစရာ မလိုဘူးလေ။ သူ့အတွက် ဂိုးတွေက အလိုလို အခွင့်အရေး ရလာပါလိမ့်မယ်"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment