Thursday, November 15, 2012

သားငယ်နှင့် ဆော့ကစားနေသည့် နေမာ၏ ဗီဒီယိုကို ဆန်းတို့စ် အသင်း လွှင့်တင်


ဆန်းတို့စ် တိုက်စစ်မှူး နေမာနှင့် ၎င်း၏ သားငယ်တို့၏ အသင်း အဝတ် လဲခန်းထဲမှ ပုံရိပ် ဗီဒီယိုကို ကလပ် အသင်းက လွှင့်တင် ပြသခဲ့သည်။
အသက်(၁၅)လသားသာ ရှိသေးသည့် ချာတိတ်လေးကို အသက်(၂၀)အရွယ် ဖခင်က ဘောလုံး တစ်လုံးဖြင့် ဆော့ကစားနေစေပြီး အသင်းဖော်များက ကျီစယ်နေသည့် ဗီဒီယိုအား ဆန်းတို့စ်က You Tube တွင် လွှင့်တင်ခဲ့ခြင်း ဖြစ်သည်။ နေမာ၏ သားငယ်လေး ဒေဗီလူကာသည် ဘောလုံးကို စိတ်ဝင်တစား ရှိခဲ့ပြီး ဖခင်က ပွေ့ချီထားချိန်တွင် ခြေထောက် သေးသေးလေးများဖြင့် လှမ်းကန်ခဲ့သည်ကို တွေ့ရသည်။ နေမာ၏ သားငယ်သည် မွေးဖွားပြီးကတည်းက ထရီနမ်မီတို ရီပီလီ လေ့ကျင့်ရေး စင်တာ အဝတ် လဲခန်းထဲ လာရောက် လည်ပတ်လေ့ ရှိသည်။
ထိုနေရာကို (၂၀၀၅)ခုနှစ် ကတည်းက အပြီးသတ် တည်ဆောက်ပြီး ဆန်းတို့စ် ဂန္ထဝင် တိုက်စစ်မှူးဟောင်း ပီလီအား ဂုဏ်ပြု၍ အမည် မှည့်ခေါ်ထားခဲ့သည်။ နေမာသည် ဥရောပ ထိပ်တန်း ကလပ်အသင်း အမြောက်အမြား၏ ပစ်မှတ် ထားခြင်းကို ခံနေရသည့်တိုင် ဆန်းတို့စ်တွင်သာ ကစားလိုကြောင်း ထပ်မံ အတည်ပြု ပြောဆိုခဲ့သေးသည်။ "ကျွန်တော့်ကို ဒီအကြောင်း မေးနေတာတွေ ဘယ်တော့များမှ ရပ်ကြမလဲ။ ကျွန်တော် ဖြေရတာ ပင်ပန်းလှပြီ။ ဆန်းတို့စ်မှာ ကျွန်တော် (၂၀၁၄)ထိ စာချုပ်ရှိတယ်။ တကယ်လို့ ကျွန်တော် ဆက်နေမယ်၊ ထွက်ခွာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ အားလုံးက အသင်း ဥက္ကဋ္ဌ အပေါ်မှာပဲ မူတည်ပါတယ်"ဟု နေမာက ပြောကြားသွားသည်။ 
soccer myanmar

No comments:

Post a Comment