Friday, November 2, 2012

အင်္ဂလန် ကလပ်များသို့ ပြောင်းမည်ဆိုသော သတင်းများကို နေမာငြင်းဆို


အင်္ဂလန် ကလပ် အသင်းများဖြစ်သည့် ချယ်လ်ဆီးနှင့် မန်ချက်စတာ စီးတီး တစ်သင်းသင်းထံ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းများကို နေမာက ငြင်းဆိုသွားသည်။
ဥရောပ ထိပ်သီးကလပ်များ၏ စိတ်ဝင်တစား ချိတ်ဆက်ခြင်းကို ခံနေရသည့် အသက်(၂၀)အရွယ် ဘရာဇီးလ် ပါရမီရှင် တိုက်စစ်မှူးလေးက ၎င်းသည် ဘရာဇီးလ်မြေတွင်ပင် ဘောလုံး ဆက်ကစားနေမည်ဟု ဆိုသည်။ ဆန်းတို့စ် အသင်းသည် အစောပိုင်းက နေမာကို ခေါ်ယူရန် ဘာစီလိုနာက သဘော တူညီမှု ရရှိထားကြောင်း သတင်းများကိုလည်း ငြင်းဆိုခဲ့သေးသည်။ နေမာကို မန်စီးတီး၊ ချယ်လ်ဆီး၊ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နှင့် PSGအသင်းများက အပြိုင်အဆိုင် စိတ်ဝင်စားလျှက် ရှိသည်။ 
နေမာကမူ "ကျွန်တော်ကတော့ ဘရာဇီးလ်မှာ ပျော်နေပါတယ်။ ပြီးတော့ ဆန်းတို့စ်မှာ ကစားရတာ အဆင်ပြေတယ်လေ"ဟု ဖြေရှင်းခဲ့သည်။ "ကျွန်တော် ဥရောပမှာ ကစားဖို့ အိပ်မက်တစ်ခု ရှိပါတယ်။ ဒါပေမဲ့ ခုဟာက အချိန်ကောင်း မဟုတ်သေးပါဘူး"ဟုလည်း ၎င်းက ဆိုသည်။ မန်ချက်စတာ ယူနိုက်တက် အသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် အပြောင်းအရွှေ့ ဈေးကွက် ပိတ်ရက်က နေမာအတွက် ပေါင်စတာလင် (၃၈)သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဆန်းတို့စ်ကမူ မန်ယူထံမှ ချဉ်းကပ်မှု မရှိခဲ့ကြောင်း နောက်ပိုင်းတွင် ဖြေရှင်းသွားသည်။

နေမာသည် (၂၀၁၄)ခုနှစ်၊ ကမ္ဘာ့ဖလား ပြီးဆုံးသည်ထိ ဘရာဇီးလ်တွင်ပင် ဆက်ရှိနေဖွယ် ရှိနေပြီး ပြည်တွင်း မီဒီယာများက ၎င်း၏ လားရာသည် အင်္ဂလန်ထက် စပိန်မြေသို့ ဖြစ်နိုင်ကြောင်း သုံးသပ်ရေးသားခဲ့ကြသည်။ 
soccer myanmar

No comments:

Post a Comment