Tuesday, November 27, 2012

ဝန်ကြီးဌာနများနဲ့ သူတို့ရဲ့ အင်တာနက် စာမျက်နှာ

အစိုးရ၀န်ကြီးဌာနတွေ ကိုယ်ပိုင်ဝက်ဆိုက် ဖန်တီးကြဖို့၊ ဌာနရဲ့ လုပ်ဆောင်ချက်တွေကို အချိန်နဲ့   တပြေးညီ တင်ဖို့ အထက်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။   ဒီနှစ်မကုန်ခင် အွန်လိုင်းမှာ ဌာနစုံ ရှိနေရမယ်လို့ ဆိုပါတယ်။ဌာန ဆိုင်ရာတို့ရဲ့ ၀က်ဆိုက်တော်တော်များများ ရှိနေပေမယ့် နှစ်များစွာ အသုံးမပြု တာ မပြုပြင် မမွမ်းမံတာတို့ကြောင့် တချို့ ၀က်ဆိုက်တွေမှာ
အချက်အလက်ဟောင်းတွေနဲ့ပဲ ဖုန်တက်နေတာပါ။ 


ဒါကြောင့် ၀န်ကြီးဌာန ၀က်ဆိုက်များကို အထင်တကြီး အားကိုးပြီး အချက်အလက်  ရှာဖွေလိုသူများအတွက်   အခက်အခဲ ရှိပါတယ်။

တချို့ ၀န်ကြီးဌာန ၀က်ဆိုက်ဆိုရင် အလံကို ဦးနေ၀င်းခေတ် အလံကိုပဲ တလူလူ လွှင့်တင်ထားတာ တွေ့ကြရမှာပါ။ 
မကြာခင် ဦးသိန်းစိန်ခေတ် သုံးရောင်ခြယ် ကြယ်ကြီးတပွင့် အလံကို ပြောင်းလဲမယ်လို့ ယူဆရပါတယ်။

ဌာနတွေက သူတို့ရဲ့ အွန်လိုင်းစာမျက်နှာကို ရှေးဟောင်းပစ္စည်းလို မထားကြတော့ဘူး ဆိုရင်တော့ အချက်အလက်တွေ ကြည့်ဖို့၊ ရှာဖွေဖို့ ပိုမို အဆင်ပြေလာမှာ အသေအချာပါပဲ။ ၀င်ကြေးမရှိ၊ လက်ဘက်ရည်ဘိုးပေးဖို့မလို ၂၄/၇ လေ့လာနိုင်ပါပြီ။

မြန်မာနိုင်ငံက E-Government စနစ်ကို သွားနေတဲ့အတွက်  ပွင့်လင်း မြင်သာမှု ရှိစေဖို့ဝန်ကြီးဌာနတွေ အနေနဲ့ မိမိတို့ ဌာနမှာ အကြောင်း ၊ ဘာတွေ လုပ်ဆောင်နေတယ်၊ ဘာတွေလုပ်ဖို့ ရှိတယ်၊ လုပ်ထုံးလုပ်နည်းတွေကို လူအများသိစေဖို့အတွက် တင်ပေးရမှာ ဖြစ်ပါတယ်လို့ သမ္မတရုံး ၀န်ကြီး  ဦးတင်နိုင်သိန်းက ပြောပါတယ်။

သမ္မတရုံးဝန်ကြီးဌာနက  ၀က်ဆိုက် လုပ်မယ်လို့ မထင်ရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သမ္မတရုံးဝက်ဆိုက် ဆိုပြီး ရှိနေလို့ပါပဲ။ လိပ်စာက -  http://www.president-office.gov.mm/

အွန်လိုင်း သေချာပေါက် ရှိသင့်တာကတော့ ဆက်သွယ်ရေးဌာနပဲ ဖြစ်ပါလိမ့်မယ်။


ဘာကြောင့် သေနေရတာလဲ

ဝန်ကြီးဌာန ၀က်ဆိုက်များ ပြုပြင်မှု မလုပ်ရတဲ့အကြောင်း တွေကတော့
 ~ လုပ်ငန်းလည်ပတ်ဖို့  ကျွမ်းကျင်ဝန်ထမ်း သီးသန့် ခန့်မထားခြင်း၊
~  ငွေကုန်မခံနိုင်ခြင်း
တို့ကြောင့် ဖြစ်နိုင်တယ်လို့  ရန်ကုန်မြို့အခြေစိုက်  software programmer တဦးက ပြောပါတယ်။

“၀က်ဆိုက်တခု တင်တယ် ဆိုရင်တော့ ငွေက သိန်း  ၂၀ လောက် ကုန်နိုင်တယ်။ ပြီးရင် ပညာရှင်ကို ကိုယ်လိုချင်တဲ့ ဒီဇိုင်း ပြောပြီး ရေးခိုင်းရတယ်၊ အဲဒီ ၀က်ဆိုက်ကို အမြဲ update ဖြစ်ဖို့ စောင့်ကြည့်နေပြီး တင်ပေးဖို့ က အမြဲ လိုအပ်နေတော့ ဌာနတွေ ရဲ့ ဘတ်ဂျက်အရ အဲဒီဘက်မှာ ငွေမသုံးနိုင်တော့ မတင်ကြတာ များပါတယ် ”လို့ သူက  ပြောပါတယ်။
                       
နေပြည်တော်ရဲ့ အမိန့်တော်အတိုင်း တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ဆောင်ကြမယ် ဆိုရင်ဖြင့်
E-Government ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ လို့ ဆိုရမှာ ဖြစ်ပါတယ်။
irrawaddy
 

No comments:

Post a Comment