Wednesday, November 21, 2012

ဒါကာမြို့တော်ပြင်ပရှိ ဆင်းရဲသားရပ်ကွက် မီးလောင်လူ ၁၁ ဦးထက်မနည်း သေဆုံး


ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ အပြင်ဘက်ရှိ ဆင်းရဲသားများ နေထိုင်ရာ ရပ်ကွက်တွင် မီးလောင်ကျွမ်းမှု တစ်ရပ် ဖြစ်ပွားရာ လူ ၁၁ ဦးထက်မနည်း သေဆုံးသည်ဟု နိုဝင်ဘာ ၁၈ ရက် ဘီဘီစီသတင်းတွင် ဖော်ပြသည်။ ယင်းလူနေထူထပ်ရာ ဒေသတွင် နိုဝင်ဘာ ၁၈ ရက် နံနက်စောစောပိုင်းက မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရသည်။ မီးလောင်မှုတွင် သေဆုံးခဲ့သူများအနက် အမျိုးသမီးငါးဦးနှင့် ကလေးငယ်လေးဦး ပါဝင်ကြောင်း၊ လူအချို့မှာ ဒဏ်ရာပြင်းထန်စွာ ရခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ပြောကြားသည်။ မီးစတင်လောင်ကျွမ်းရခြင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်သော်လည်း ကနဦးရရှိသော သတင်းများအရ စွန့်ပစ်လိုက်သော စီးကရက်မီး သို့မဟုတ် ခြင်ဆေးခွေ ထွန်းညှိရာမှ မီးလောင်ကျွမ်းမှု ဖြစ်နိုင်သည်ဟု ဆိုသည်။ ယင်းရပ်ကွက် မီးလောင်ကျွမ်းမှုသည် အနီးပတ်ဝန်းကျင်ကို အလျင်အမြန် ပျံ့နှံ့သွားခဲ့ကြောင်း၊ ယင်းအရပ်ရှိ အဆောက်အအုံ အများစုမှာ သံဖြူများ၊ ဝါးများဖြင့် တည်ဆောက်ထားကြပြီး ပလတ်စတစ် အမိုးများဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ မီးလောင်ကျွမ်းရာ ပျံကျရပ်ကွက်မှာ ဝင်ငွေနိမ့်ပါးသော အလုပ်သမားများနှင့် လန်ချားဆွဲသမားများကဲ့သို့ အလုပ်သမားများ နေထိုင်ရာဖြစ်ပြီး ယခုမီးလောင်ကျွမ်းမှုကြောင့် ၎င်းတို့အနက် အများအပြားမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ 
khitlunge

No comments:

Post a Comment