Wednesday, November 21, 2012

နိုဝင်ဘာ ၁၄ ရက်မှ စတင်၍ ဂါဇာဒေသတွင် အစ္စရေးက တိုက်ခိုက်မှု အကြိမ် ၁၃၅၀ ခန့် ပြုလုပ်ခဲ့


လွန်ခဲ့သော ရက်အနည်းငယ်အတွင်းမှ နိုဝင်ဘာ ၂၀ ရက်နေ့အထိ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးက တိုက်ခိုက်မှု အကြိမ်ပေါင်း ၁၃၅၀ ခန့်ရှိခဲ့ကြောင်း အစ္စရေးစစ်ဘက်မှ ပြောကြားခဲ့ပြီး လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေခြင်းကြောင့် သေဆုံးရသူ ပါလက်စတိုင်းလူမျိုးများ အရေအတွက်မှာ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက် သတင်းတွင် ဖော်ပြသည်။ နိုဝင်ဘာ ၁၄ ရက်မှ စတင်သော ဂါဇာဒေသ၌ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ဦးရေ ၉၀ ကျော်ခန့် သေဆုံးခဲ့ရပြီး သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ နိုဝင်ဘာ ၁၉ ရက် အစောပိုင်းက ဂါဇာမြို့တွင် အစ္စရေးတို့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် (၁၈) လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူသုံးဦး သေဆုံးခဲ့ရပြီး အခြားနှစ်ဦးမှာ အသက် (၅၀) အရွယ် အမျိုးသားနှစ်ဦး ဖြစ်သည်။ ယင်းနေ့နှောင်းပိုင်း လေကြောင်း တိုက်ခိုက်မှု တစ်ရပ်တွင် အမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ ဂါဇာဒေသ အလယ်ပိုင်းမှ ဒီယာအယ်လ်ဘာလာမြို့တွင် အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး မိသားစုဝင် သုံးဦးလည်း သေဆုံးခဲ့သည်။ နိုဝင်ဘာ ၁၄ ရက်တွင် စတင်ခဲ့သော အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ပါလက်စတိုင်းလူမျိုး ဦးရေမှာ ၇၀၀ ကျော်အထိ ရှိသွားခဲ့ပြီဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ ရာဖာမြို့မှာမူ အစ္စရေးလေကြောင်း တိုက်ခိုက်မှု၏ နောက်ဆုံးပစ်မှတ် ဖြစ်ခဲ့ရသည်။ နိုဝင်ဘာ ၁၈ ရက်သည် ဂါဇာမြို့၏ သွေးထွက်သံယိုဖြစ်မှု အများဆုံးနေ့ ဖြစ်ပြီး တိုက်ခိုက်မှုများ အတွင်းပါလက်စတိုင်း လူမျိုး ၃၁ ဦးထိ သေဆုံးခဲ့ကာ မိသားစုဝင် ကိုးဦးပါ မိသားစု တစ်စု သေဆုံးခဲ့ပြီး ယင်းတို့အထဲတွင် ကလေးငါးဦး ပါဝင်ကြောင်း ဂါဇာမြို့မှ ကျန်းမာရေးဌာန တာဝန်ရှိသူများက ပြောကြားသည်။ ယင်းတိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ်မှာပင် ဂါဇာဒေသ၌ စစ်ဆင်ရေး လုပ်ငန်းများကို ကြီးမားစွာ ချဲ့ထွင်ဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
khitlunge

No comments:

Post a Comment