Friday, November 30, 2012

ပုံမှန် ပွဲထွက်လိုလျှင် ဆင်ကလဲယား အသင်းမှ ထွက်ခွာရုံသာ ရှိကြောင်း မန်စီးတီး လက်ထောက် မန်နေဂျာ ပြောကြား

ပုံမှန် ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရသည့် ဆင်ကလဲယား

မန်ချက်စတာ စီးတီးအသင်း လက်ထောက် မန်နေဂျာ ဒေးဗစ်ပလတ်က ပုံမှန် ကစားခွင့်ကို လိုချင်လျှင် စကော့ ဆင်ကလဲယား အနေဖြင့် အသင်းမှ ထွက်ခွာသွားရန် တစ်နည်းသာ ရှိကြောင်း တိုက်ခိုက် ပြောဆိုလိုက်သည်။
 ဆွမ်ဆီး အသင်းမှ ပြောင်းရွှေ့လာသော အသက်(၂၃)နှစ်အရွယ် အင်္ဂလန် တောင်ပံတိုက်စစ် ကစားသမားသည် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းတွင် ပုံမှန်ပွဲထွက်နေရာ ရရှိရေးအတွက် ရုန်းကန်နေရသူ ဖြစ်သည်။ မန်နေဂျာ ရောဘတ်တို မန်စီနီ လက်အောက်တွင် ပွဲထွက်နေရာ မရသည့် အနေအထားကြောင့် ဆင်ကလဲယားက စိတ်ပျက်နေပြီး မိမိသည် ပွဲထွက် နေရာကို အလိုရှိကြောင်းနှင့် အသင်း၏ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ ကာကွယ်ရေး ကြိုးပမ်းမှုကို ကူညီသွားလိုကြောင်း ထုတ်ဖော် ပြောကြားထားသည်။
သို့သော်လည်း ပလတ်က ထိုကဲ့သို့ တောင်းဆိုမှုမျိုး အတွက် မန်စီးတီးဘက်မှ တုံ့ပြန်ပေးနိုင်သည်မှာ အသင်းမှ ထွက်ခွာခွင့်ကို လိုက်လျောရေးသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆွမ်ဆီးအသင်းမှ ပေါင်စတာလင် (၆)သန်းဖြင့် အစ်တီဟတ်သို့ ကူးပြောင်းလာသည့် ဆင်ကလဲယားနှင့် ပတ်သက်ပြီး ပလတ်က "ဘယ်ကစားသမားမဆို ကလပ်ကို ရောက်လာရင် တချို့သီတင်းပတ်မှာ ကစားရပြီး တချို့သီတင်းပတ်မှာ အခွင့်အရေး မရဘူးဆိုတာ သိရပါမယ်"ဟု ဝေဖန်ခဲ့သည်။
ဆင်ကလဲယားသည် ဒေးဗစ်ဆေးလ်ဗားနှင့် ဆမ်မီနာဆရီတို့ကဲ့သို့ ကစားသမားများကို ကျော်ပြီး ပွဲထွက်နေရာ မရဘဲ ရှိနေသည်။ ပလတ်က "ဆင်ကလဲယားကို ကျွန်တော်တို့ စကားပြောခဲ့ပါတယ်။ သူရောက်လာတဲ့ အသင်းဟာ ဧရာမ လူအင်အားမျိုး ရှိနေတာ ဖြစ်ပါတယ်။ တကယ်လို့ ပုံမှန် ပွဲကစားချင်တယ်ဆိုရင် အဒမ်ဂျွန်ဆင်လို အသင်းက ထွက်ခွာသွားနိုင်ပါတယ်။ ဒီအတွက် မန်နေဂျာရဲ့ တံခါးက အမြဲတမ်း ဖွင့်ထားတုန်းပါ။ ဘာပဲဖြစ်ဖြစ် အသင်းမှာတော့ ဆင်ကလဲယား ပျော်နေပုံ ရပါတယ်"ဟု ပြောကြားသွားသည်။
Ref: Goal
soccer myanmar

No comments:

Post a Comment