Tuesday, November 6, 2012
အာကာသခရီးသွားတက္ကစီများ ပြေးဆွဲတော့မည်
ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ ခရီးသွားများ သယ်ယူပို့ဆောင်နိုင်ရေးအတွက် အမေရိကန် ပုဂ္ဂလိက အာကာသရေးရာ ကုမ္ပဏီများက ကြိုးစားလျက်ရှိရာ လာမည့်နှစ် အနည်းငယ်အတွင်း အာကာသတက္ကစီများဖြင့် ပို့ဆောင်နိုင်ရေး ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်တော့မည်ဖြစ်ကြောင်း ယင်းပုဂ္ဂလိက ကုမ္ပဏီများက နိုဝင်ဘာ ၁ ရက်၌ ထုတ်ဖော်ပြောကြားသည်။ နာဆာက နိုင်ငံတကာ အာကာသယာဉ်စခန်းသို့ အာကာသယာဉ်များ စေလွှတ်မှု အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီးနောက် ယင်းလုပ်ငန်းများကို ပုဂ္ဂလိက အာကာသရေးရာ ကုမ္ပဏီသုံးခုအား ဆက်လက်ဆောင်ရွက်ရေးအတွက် ရွေးချယ်ခွင့်ပြုပေးခဲ့သည်။ ၄င်းကုမ္ပဏီသုံးခုမှာ စပေ့အိတ်စ်၊ ဘိုးရင်းနှင့် ဆီရာရာနီဗားဒါး ကုမ္ပဏီတို့ ဖြစ်သည်။ နာဆာ၏ အာကာသကုန်တင်ယာဉ် လွှတ်တင်မှု အစီအစဉ်အောက်မှနေပြီး စပေ့အိတ်စ်ကုမ္ပဏီက ယခုနှစ်အတွင်း အာကာသကုန်တင်ယာဉ် နှစ်ကြိမ်လွှတ်တင်ရန်အတွက် စီစဉ်ထားသည်။ စပေ့အိတ်စ်ကုမ္ပဏီမှ ထုတ်လုပ်ထားသော ဒရာဂွန်အာကာကုန်တင်ယာဉ်သည် နိုင်ငံတကာ အာကာသယာဉ်စခန်းသို့ ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး မကြာမီ ဒုတိယအကြိမ်လွှတ်ရန် စီစဉ်လျက်ရှိသည်။ ယခုအခါ အာကာသခရီးသွားခုနစ်ဦးအထိ လိုက်ပါနိုင်မည့် အာကာသခရီးသွား တက္ကစီယာဉ်ကိုလည်း ဒီဇိုင်းထုတ်ကာ တည်ဆောက်မှုများ စတင်ပြုလုပ်လျက်ရှိနေသည်။ အဆိုပါ အာကာသခရီးသွားတက္ကစီကို တည်ဆောက်ပြီးပါက စပေ့အိတ်စ်ကုမ္ပဏီမှ ထုတ်လုပ်ထားသော ဖယ်လ်ကွန်-9 ဒုံးပျံဖြင့် အာကာသအတွင်းသို့ ၂၀၁၅ ခုနှစ်၌ သယ်ဆောင်သွားရန်လည်း စီစဉ်ထားသည်။
khitlunge

No comments:
Post a Comment