Tuesday, November 27, 2012

ပါကစ္စတန်နိုင်ငံ၌ အဆိပ်ဖြစ်စေသော ချောင်းဆိုးပျောက်ဆေးရည် သောက်သုံးမိသူ ၁၃ ဦးသေဆုံး


ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းလာဟိုးမြို့၌ နိုဝင်ဘာ၂၄ရက်ကအဆိပ်ဖြစ်စေသော ချောင်းဆိုးပျောက်ဆေးရည်
များ သောက်သုံးပြီးနောက် လူ ၁၃ ဦး သေဆုံးခဲ့ပြီး အခြားလူအများအပြား စိုးရိမ်ရသော အခြေအနေတွင် ရှိနေကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းက ဒေသတွင်း ထုတ်လုပ်သော အဆိုပါ ချောင်းဆိုးပျောက်ဆေးရည်အား မူးယစ်စေရန် မူးယစ်ဆေးဝါး စွဲနေသူ ၂ဝ ကျော်က သောက်သုံးခဲ့ကြပြီး ချောင်းဆိုးဆေးပမာဏ များများသောက်သူမှာ အချိန်အနည်းငယ်အတွင်း အခြေအနေ ဆိုးရွားခဲ့သည်။ ထိုကဲ့သို့ သောက်သုံးပြီး မကြာမီနေရာ၌ပင် လူ ငါးဦးသေဆုံးခဲ့ပြီး ကျန်ရှိသောသူများကိုလည်း ဒေသတွင်းရှိ မေရိုးဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ရသည်။ အဆိုပါ ဆေးရည်သည် ခန္ဓာကိုယ်ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများအား ပျက်စီးစေသည်ဟု မေရိုးဆေးရုံမှ ဆရာဝန်များက ပြောကြားသည်။ နိုဝင်ဘာ ၂၅ ရက်က ရှစ်ဦး ထပ်မံသေဆုံး၍ ကျန်ရှိသော လူနာ ခုနစ်ဦးမှ ၁ဝ ဦးအထိမှာလည်း အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ အဆိုပါ အဆိပ်ဖြစ်စေသော ချောင်းဆိုးပျောက်ဆေးရည်များကို မြို့တွင်းရှိ ဆေးဆိုင်များ၌ ရူပီး ၄ဝ ဖြင့် ရောင်းချနေကြောင်းနှင့် ၄င်းချောင်းဆိုးပျောက်ဆေးရည် ထုတ်လုပ်သော ကုမ္ပဏီများနှင့် ရောင်းချသော ဆေးဆိုင်များအား ချိတ်ပိတ်ရန်အတွက် ဒေသခံ ရဲတပ်ဖွဲ့ဝင်များအား ပြည်နယ် ဝန်ကြီးချုပ်က ညွှန်ကြားခဲ့ကြောင်း သိရသည်။
khitlunge

No comments:

Post a Comment