Friday, November 23, 2012

ဘောလုံး ကွင်းပြင်ပတွင် ရော်နယ်လ်ဒိုနှင့် မခင်မင်ကြောင်း အလွန်ဆို ဝန်ခံ


ဘောလုံးကွင်း အပြင်ဘက်သို့ ရောက်ရှိ သွားချိန်တွင် မိမိနှင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့မှာ ခင်မင်မှု သိပ်မရှိတော့ဟု ရှာဘီ အလွန်ဆိုက ဝန်ခံခဲ့သည်။
စပိန် လက်ရွေးစင် ကွင်းလယ် ကစားသမားက မိမိ၏ ရီးယဲလ်မက်ဒရစ် အသင်းဖော်နှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံမှုသည် ဘောလုံးကွင်းနှင့် အဝတ်လဲခန်းထဲတွင်သာ အဓိက ရှိနေတတ်ကြောင်း ပြောဆိုခဲ့သည်။ ၎င်းက မိမိတို့ နှစ်ဦးကြားတွင် ပုဂ္ဂိုလ်ရေး ခင်မင်မှု မရှိသည့်တိုင် အပြန်အလှန် လေးစားမှု ထားရှိ ဆက်ဆံကြောင်းလည်း ဆိုသည်။ ယခုဘောလုံးရာသီ အစောပိုင်းတွင် ပေါ်တူဂီ လက်ရွေးစင် ရော်နယ်လ်ဒိုက ရီးယဲလ်၌ မိမိအတွက် ဝမ်းနည်းစရာများ ရှိနေကြောင်း လူသိရှင်ကြား ဖွင့်ဟခဲ့ပြီးနောက် ၎င်းနှင့် အသင်းဖော်များ ဆက်ဆံရေးမှာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
အလွန်ဆိုက "ကျွန်တော်နဲ့ ရော်နယ်လ်ဒိုကြားမှာ အပြန်အလှန် အသိအမှတ်ပြုမှုနဲ့ ပရော်ဖက်ရှင်နယ်အဖြစ် လေးစားမှုတွေ ရှိကြပါတယ်။ ကျွန်တော်နဲ့ သူက အဝတ်လဲခန်းထဲမှာ သူငယ်ချင်းပါ။ ဒါက ရှင်းပါတယ်။ ဒါပေမဲ့ ဘောလုံးနဲ့ ဆက်နွယ်တဲ့ ပတ်ဝန်းကျင် အပြင်ဘက်မှာတော့ အသင်းဖော်တိုင်းနဲ့ ကျွန်တော် ခင်မယ်နေမယ်လို့ မယူဆနိုင်ပါဘူး။ ကျွန်တော်နဲ့ ရော်နယ်လ်ဒိုတို့ ပြင်ပလူနေမှုမှာ အဆက်အဆံ မရှိသလောက်ပါပဲ။ ဒါပေမဲ့ အဝတ်လဲခန်းထဲမှာတော့ ရော်နယ်လ်ဒိုဟာ ကျွန်တော်တို့ အားလုံးနဲ့ တစ်သားတည်း ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

၎င်းက "ရော်နယ်လ်ဒိုဟာ ရည်မှန်းချက် သိပ်ကြီးမားသူ တစ်ယောက်ပါ။ သူ့ကိုယ်သူ ယုံကြည်မှုလည်း ပြင်းထန်ပါတယ်။ ကျွန်တော်ကတော့ သူဟာ အသင်းအတွက် အရေးပါသူ တစ်ယောက်အဖြစ် ယူဆမိပါတယ်"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။ 
soccer myanmar

No comments:

Post a Comment