Saturday, November 17, 2012

မန်စီးတီး၏ ယခုရာသီ ခြေစွမ်း အကောင်းဆုံး မဟုတ်သေးကြောင်း အဂူရို ကြွေးကြော်


မန်ချက်စတာ စီးတီး အသင်း၏ အကောင်းဆုံး အနေအထား မရသေးကြောင်း တိုက်စစ်မှူး ဆာဂျီယို အဂူရိုက ကြုံးဝါးလိုက်သည်။
အသက်(၂၄)နှစ်ရှိ မက္ကစီကို လက်ရွေးစင် ကစားသမားက အသင်းတွင် ဒဏ်ရာ ပြဿနာများကြောင့် အကောင်းဆုံး ပုံစံကို မရနိုင်သေးခြင်းသာ ဖြစ်ကြောင်းလည်း ဆိုသည်။ ရောဘတ်တို မန်စီနီက မန်နေဂျာအဖြစ် တာဝန်ယူထားသော အသင်းသည် ပရီးမီးယားလိဂ်တွင် ရှုံးပွဲမရှိဘဲ အမှတ်ပေးဇယား ဒုတိယ နေရာမှ ရပ်တည်ပြနေသော်လည်း ချန်ပီယံလိဂ်တွင်မူ ရလဒ်များ တောက်လျှောက် ဆိုးရွား ကျဆင်းလျှက်ရှိသည်။ အထူးသဖြင့် အုပ်စုအဆင့် (၂)ပွဲသာ ကျန်ရှိချိန်တွင် ရှုံးထွက်အဆင့် မတက်နိုင်ဘဲ ပြိုင်ပွဲမှ ထွက်ရမည့် အခြေအနေမျိုးထိ မန်စီးတီးတို့ ဆိုးရွားစွာ ရင်ဆိုင်နေရသည်။
အဂူရိုက "ပြီးခဲ့တဲ့ ဘောလုံးရာသီကလို တူညီတဲ့ ဗီဇစွမ်းရည်မျိုးနဲ့ ကျွန်တော်တို့ ဒီရာသီမှာ မကစားနိုင်သေးတာ အမှန်ပါပဲ။ ဂိုးသွင်းနှုန်းကလည်း ကျသွားတယ်"ဟု ဆိုသည်။ ၎င်းက "ဒါပေမဲ့လည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားက တစ်ခုခု ကွဲပြားမှုကို ညွှန်ပြနေတယ်။ ကျွန်တော်တို့ဟာ အနိုင်ယူဖို့ ခက်ခဲတဲ့ အသင်းဆိုတာ မြင်သာပါတယ်။ ကျွန်တော်တို့ဟာ ခံစစ်ကစားပုံ ကောင်းမွန်သလို အမှတ်ပေး ဇယားမှာလည်း အဆင့်(၂) ရောက်နေပါပြီ။ ဒါကြောင့် အသင်းဟာ ဆိုးဆိုးရွားရွားလို့တော့ မခေါ်နိုင်ဘူး မဟုတ်လား"ဟုလည်း မေးခွန်းထုတ်ခဲ့သည်။
၎င်းက "မန်စီးတီးဟာ ဆိုးရွားတဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် တုံ့နှေးနေတာလည်း ဖြစ်ပါတယ်။ ဒေးဗစ်ဆေးလ်ဗား၊ ပက်ဘလို ဇာဘလက်တာ၊ ဟာဗီဂါစီယာ၊ မီကာရစ်ချတ်၊ ဂျိုလီယန် လက်စ်ကော့တ်၊ ဒေါက်ဂလက်စ် မိုင်ကွန်၊ ဂါရတ်သ်ဘယ်ရီ၊ ဆမ်မီနာဆရီနဲ့ ကျွန်တော်ပါ ဒဏ်ရာတွေ ရခဲ့ကြတယ်။ ဒါကြောင့် အသင်းဟာ တည်ငြိမ်တဲ့ ခြေစွမ်းမျိုး ရဖို့ ခက်ခဲနေခဲ့တာပါ။ မနှစ်ကဆို ဒဏ်ရာ ပြဿနာက အရမ်းနည်းတယ်လေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ အကောင်းဆုံး ပုံစံကို ရလာဖို့ဆိုရင် လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ပြီး ပိုတိုးတက်လာနိုင်ခြေ ရှိသေးတယ်လို့ ဆိုရမှာပါ" ဟု ဆက်လက် ပြောကြားသွားသည်။
Ref: Goal
soccer myanmar

No comments:

Post a Comment