Wednesday, November 21, 2012

ချယ်လ်ဆီး မန်နေဂျာသစ် ရာထူးအတွက် ဂွာဒီယိုလာ အပြင် ဘင်နီတက်ဇ်ပါ လျာထားခံရ

ဒီမက်တီယိုနေရာတွင် အစားထိုးဖွယ် ရှိသည့် ဘင်နီတက်ဇ်နှင့် ဂွာဒီယိုလာ

အကယ်၍ ချယ်လ်ဆီး မန်နေဂျာ ရာထူးကို ဂျိုးဆက် ဂွာဒီယိုလာက လက်မခံခဲ့ပါက ရာဖေးလ် ဘင်နီတက်ဇ်ကို ကမ်းလှမ်းရန် အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျက စဉ်းစားနေကြောင်း သိရသည်။
လီဗာပူးလ်နှင့် အင်တာမီလန်တို့ကို ကိုင်တွယ်ခဲ့ဖူးသည့် စပိန်သား နည်းပြဟောင်းသည် လတ်တလောတွင် လက်ဆုပ်လက်ကိုင် ကလပ်အသင်း မရှိဘဲ ဖြစ်နေသည်။ ချယ်လ်ဆီးသည် အစောပိုင်းက ဘာစီလိုနာ နည်းပြဟောင်း ဂွာဒီယိုလာကို အလေးအနက် ဆက်သွယ်နေခဲ့သော်လည်း အောင်မြင်မှု မရှိပါက ဒုတိယ ပစ်မှတ်အတွက် ဘင်နီတက်ဇ်ကို ကြိုတင် ချိန်ရွယ်နေခြင်း ဖြစ်သည်။ ချယ်လ်ဆီးသည် ဂျူဗင်းတပ်စ်ကို အရေးနိမ့်ခဲ့သည့်နောက် လက်ရှိမန်နေဂျာ ရောဘတ်တို ဒီမက်တီယို၏ အနာဂတ်မှာ ဝေဝေဝါးဝါး ဖြစ်လာခဲ့သည်။
အီတလီ ချန်ပီယံ အသင်းသည် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွင် ချယ်လ်ဆီးကို (၃-၀)ဖြင့် အနိုင်ရခဲ့သည့်နောက် အုပ်စုတက်ရေး အလားအလာ ကောင်းသွားပြီး လက်ရှိချန်ပီယံ ချယ်လ်ဆီးမှာမူ အုပ်စုမှပင် ထွက်ခွာရရန် ရာခိုင်နှုန်း အလွန်များလာခဲ့သည်။ ဒီမက်တီယိုသည် လတ်တလောတွင် ဖိအားများအောက် တောက်လျှောက် ကျရောက်နေပြီး ဂျူဗင်းတပ်စ်နှင့် ပွဲအပြီးတွင် "ခုအရှုံးက အသင်းအတွက် ကြီးမားတဲ့ စိတ်ပျက်စရာ ကိစ္စမျိုး ကြုံစေခဲ့ရပါတယ်"ဟု ဝန်ခံ ပြောကြားခဲ့သည်။ ၎င်းက "အသင်းရလဒ်နဲ့ စွမ်းဆောင်ရည် အတွက် ကျွန်တော်ပဲ တာဝန်ယူရမှာပါ။ အပြစ်တင်မယ်ဆိုရင် ကျွန်တော်ပဲ ခံပါမယ်။ ဒီအသင်း လူစာရင်းကို ကျွန်တော် ရွေးချယ် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။
soccer myanmar

No comments:

Post a Comment