Thursday, November 1, 2012

ရော်နယ်လ်ဒိုနှင့် မော်ရင်ဟိုတို့အား ပေါင်သန်း(၁၀၀)ဖြင့် ကမ်းလှမ်းရန် PSG ရည်ရွယ်ထား

PSG မှ ကမ်းလှမ်းဖွယ် ရှိသည့် ရော်နယ်လ်ဒို

PSG အသင်းသည် ရီးယဲလ်မက်ဒရစ် အသင်းမှ အဓိက ကြယ်ပွင့် နှစ်ဦးအတွက် ပေါင်စတာလင် သန်း(၁၀၀)ဖြင့် ကမ်းလှမ်းရန် အသင့် ရှိနေကြောင်း သိရသည်။
ရည်မှန်းချက် ကြီးမားသော ပြင်သစ် ကလပ်သည် ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုနှင့် ပေါ်တူဂီ နည်းပြ ဟိုဆေးမော်ရင်ဟိုတို့အား ကမ်းလှမ်းရန် ရည်ရွယ်ထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒိုသည် ရာသီကုန်တွင် ရီးယဲလ်မှ ထွက်ခွာနိုင်ကြောင်း သတင်းကြီးနေပြီး ၎င်းသည် ရီးယဲလ်၏ ပရော်ဖက်ရှင်နယ်ရေးရာ လုပ်ဆောင်မှု အချို့အတွက် ဝမ်းနည်းမိကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။
ရော်နယ်လ်ဒိုသည် ရီးယဲလ်ထံမှ အခွန်နုတ်ပြီး တစ်နှစ် ပေါင်စတာလင် (၁၄.၅)သန်း လုပ်ခကို တောင်းဆိုခဲ့သည့်နောက် ကလပ်နှင့် အဆင်မပြေ ဖြစ်နေကြောင်းလည်း သတင်းများက ခန့်မှန်း ရေးသားခဲ့သည်။ PSGသည် အသက်(၂၇)နှစ်ရှိ ရော်နယ်လ်ဒို အလိုရှိသော လုပ်ခမျိုး ပေးချေကာ ၎င်းအား ဝယ်ယူရန် လိုလားနေခြင်းဟု သိရသည်။ ထို့အပြင် PSGသည် ကာလိုအန်ဆလော့တီ နေရာတွင် အစားထိုးရန် နည်းပြ မော်ရင်ဟိုကိုလည်း တစ်ပါတည်း ကမ်းလှမ်း လာနိုင်ကြောင်း သတင်းများက ဆိုသည်။
ကာတာ ဘီလျံနာ သူဌေးများ၏ ကျောထောက်နောက်ခံ ဓနအင်အားကြောင့် ငွေကို ရေလိုသုံးနိုင်သော PSGသည် နွေရာသီ ဈေးကွက်အတွင်းက အက်ဇ်ကွီရယ်လ် လာဗက်ဇီ၊ ဇလာတန် အီဘရာဟီမိုဗစ်တို့ကဲ့သို့ တိုက်စစ်မှူးများကို ဝယ်ယူထားသည့်တိုင် ရော်နယ်လ်ဒိုကိုပါ မျက်စိကျနေခြင်းဟု သိရှိရသည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment